28 C
Yangon

လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဝန်ထမ်းတွေကို Blacklists မှ ပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီက ကြေညာမှု ထောင်ချောက်ဆင် ဖမ်းဖို့ ဖြစ်နိုင်လို့ သတိထားကြဖို့လို

Must read

လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဝန်ထမ်းတွေကို Blacklists မှ ပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီက ကြေညာမှု ထောင်ချောက်ဆင် ဖမ်းဖို့ ဖြစ်နိုင်လို့ သတိထားကြဖို့လို

ရန်ကုန်၊ ဇူလိုင် ၁၃

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists) ကပယ်ဖျက်ပေးမယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့ ညမှာ စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံ့ဝန်ထမ်း အချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့အတွက် Black Lists စာရင်းအသွင်းခံ ခဲ့ရပြီး နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေသလို ကာယကံရှင်တွေရဲ့ လူမှုဘဝ တွေလည်း နစ်နာနေတယ်လို့ စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီ အနေနဲ့ အဲ့ဒီ နစ်နာမှုတွေကို ကုစားပေးနိုင်ရန်အလို့ငှာ Black Lists စာရင်း ထည့်သွင်းခံထားရတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် စွန့်ခွာရတဲ့ အကြောင်းအရာပေါ် မူတည်ပြီး အမည်မည်းစာရင်းကနေ ပယ်ဖျက်ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီ ကကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ဖို့ဆောင်ရွက်ပေးမှာဖြစ်ပြီး ယခင် တာဝန်ထမ်းဆောင် ခဲ့တဲ့ သက်ဆိုင်ရာဌာနတွေကို ဇူလိုင်လ ၁၅ ရက်နေ့က စတင်သတင်းပို့နိုင်တယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီ ရဲ့ထုတ်ပြန်ချက်ထဲမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းတွေလို့ ရည်ညွှန်းတယ်လို့ မရေးသားထားတဲ့အပြင် လုပ်ငန်းခွင် စွန့်ခွာရတဲ့ အကြောင်းအရာအပေါ် မူတည်ပြီးမှ အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးမယ်လို့ ရေးသားထားတာကြောင့် တမင် ထောင်ချောက်ဆင် ဖမ်းဆီးဖို့ လုပ်တာလို့ CDM ဝန်ထမ်းတချို့က ဆိုပါတယ်။

“အခုဆိုရင် CDM ဝန်ထမ်းတွေလည်း ရှောင်ကြတိမ်းကြတာ အခြေကျနေကြပြီ။ စစ်ကောင်စီကတော့ သူတို့လည်း ဖမ်းလို့မမိတော့ လွတ်နေတဲ့သူCDM အများ ကြီးဆိုတာလည်း သိတယ်လေ။ ကြေညာချက်မှာလည်း CDM ဝန်ထမ်းလို့ မပြောဘူး။ အမည်မည်းစာရင်း ကဖျက်မယ်ဆိုတာကလည်း အကြောင်း အရာပေါ် မူတည်ပြီးမှ ပယ်ဖျက်ပေးတာ။ အာဏာသိမ်းလို့ CDM လုပ်ပါတယ်သွားပြောရင် အမည်မည်းစာရင်းက ပယ်ဖျက်ဖို့ နေနေသာသာ ကျမကို ဖမ်းပါဆိုပြီး သွားဆက်သွယ်သလိုတောင် ဖြစ်နေမှာ။ အဲဒါကြောင့် CDM ဝန်ထမ်းတွေ သတိထားပါ။ ဒီကြေညာချက်က စစ်တပ်ရဲ့ ထောင်ချောက်ဆင်ထားတဲ့ ကြေညာချက်ပါ” လို့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ CDM အရာရှိတစ်ဦးက မှတ်ချက်ပြု သတိပေးပါတယ်။

၂၀၂၁ ခုနှစ် မှာ စစ်အုပ်စု အရပ်သားအစိုးရ ဆီကနေ မတရား အာဏာလုခဲ့တာကြောင့် အစိုးရဌာန အသီးသီးက ဝန်ထမ်းတွေ အပြင် စစ်တပ်အရာရှိတွေ နဲ့ တပ်သား အများအပြားပါ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article