25 C
Yangon

ရခိုင်ပြည်၊ သံတွဲမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်နှင့် တပ်သားများ သံတွဲမြို့ပေါ်တွင် လုံး၀ မရှိတော့ဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ရခိုင်ပြည်၊ သံတွဲမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသပြည်သူတချို့နှင့်စစ်ရေး သတင်းရင်းမြစ်တချို့ ပြောဆိုသည်။

ရခိုင်ပြည်၊ သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သံတွဲဒေသခံများက ပြောဆိုလိုက်ပြီး သံတွဲမြို့ပေါ်တွင် ရှိနေသည့် ပိတ်မိနေသည့် ဒေသခံများကို ကယ်ထုတ်နေကြောင်း သိရှိရသည်။

“သံတွဲမြို့ပေါ်မှာတော့ AA တပ်တော်က လုံခြုံရေးယူထားတယ်။ မြို့ထဲမှာတော့ စစ်သားတွေတော့ မရှိတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆိုသည်။

ငပလီမြို့က စစ်ကောင်စီတပ်ရင်း နှစ်ခုနှင့် သံတွဲမြို့အနီး တပ်စခန်းငယ်များကို သိမ်းပိုက်ပြီးနောက် သံတွဲမြို့ထဲကို AA က ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝင်ရောက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သံတွဲ ဒေသခံတစ်ဦးက “AA က အခု ပိတ်မိနေတဲ့ သက်ကြီးပိုင်းတွေ၊ ပြီးတော့ ကလေးတွေ၊ အမျိုးသမီးတွေကို မြို့ပေါ်ကနေ ကယ်ထုတ်နေပါတယ်။ စစ်ကောင်စီတပ်သားတွေက သံတွဲမြို့ပေါ်မှာ လုံးဝ မရှိတော့ပါဘူး။ အကုန်ထွက် ပြေးနေကြတယ်။ စစ်ကောင်စီက လေကြောင်းကနေ သံတွဲမြို့ကို ဗုံးကြဲတိုက် ခိုက်နေတယ်။ AA ကတော့ မြို့ကို ထိန်းချုပ်လိုက်ပြီ ” ဟု ပြောသည်။

သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်အနီး ဇလွန်ရွာရှိ စစ်တပ်စခန်းသို့ သံတွဲမြို့မှ စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီး အဆိုပါ စခန်းမှ တပ်သားများနှင့် သွားရောက်ပူးပေါင်းသွားကြောင်း ဒေသခံများက ပြော သည်။

ဇလွန်ကျေးရွာတွင် မောင်ရွှေလေးရေတပ်မှ အင် အား ၁၃၀ ကျော်ဖြင့် စစ်ကောင်စီတပ်က တပ်စွဲနေရာယူထားကြောင်း၊ ဇလွန်နှင့် မောင်ရွှေလေး ရေ တပ်မှာ ၁၀ မိုင်ခန့် ဝေးကွာပြီး သံတွဲမြို့နှင့်ဇလွန်ကျေးရွာမှာလည်း ၁၀ မိုင်ကျော်ဝေးကြောင်း သိရသည်။

လက်ရှိတွင် သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး နေအိမ်များ ပျက်စီးမှုရှိကြောင်းနှင့် ဒေသခံများ ထိခိုက်မှု ရှိ၊ မရှိကိုမူ သီးခြားအတည်ပြု၍ မရသေးပေ။

သံတွဲမြို့ကို သိမ်းပိုက်လိုက်ပြီဟု ဒေသခံများက ပြောဆိုထားသော်လည်း AA ကမူ တစ်စုံတစ်ရာ သတင်းမထုတ်ပြန်သေးပေ။

သံတွဲအကျဉ်းထောင်နှင့် မြို့မရဲစခန်းရှိ စစ်ကောင်စီတပ်စခန်းများကို AA က ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြောင်း နောက်ထပ် ဒေသခံတစ်ဦးက အတည်ပြုထားသည်။

“အခု AA တပ်ဖွဲ့ဝင်တွေ ဘေးလွတ်ရာကို ကယ်ထုတ်နေပါတယ်။ လေကြောင်းက ဗုံးကြဲနေတယ်။ မြို့ထဲ ပျက်စီးမှုအချို့ရှိနေပါတယ်။ အသေးစိတ်ကို သိဖို့အရမ်းခက်ခဲပါတယ်။ AA က သံတွဲမြို့ကို ထိန်းချုပ်လိုက်ပြီ” ဟု ပြောသည်။

ငပလီမြို့က ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်း အပါအဝင် သံတွဲမြို့အနီးရှိ စစ်စခန်းငယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှင်းလင်းနေကြောင်း AA က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် AA သည် မောင်တောဒေသတွင်လည်း လက်ကျန် စစ်ကောင်စီတပ်စခန်းများနှင့် ထွက်ပြေးထွက်လွတ်မြောက်နေသော တပ်သားများကို လိုက်လံရှင်းလင်းနေပြီး မောင်တောမြို့အား အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ပုံစာ – သံတွဲမြို့ကို ထိန်းချုပ်ပြီးနောက် ပိတ်မိနေသော ဒေသခံပြည်သူများကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက ကယ်ထုတ်နေစဉ်။ (ဓါတ်ပုံ – ABN)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article