29 C
Yangon

ရန်ကုန်လေဆိပ်တွင် ကျောက်ဖြူမှ လာသော အသက် ၆၀ နှစ်အရွယ် ရခိုင်တိုင်းရင်းသား ဒေါက်တာဦးကို ဆိုသူကို စစ်ထောက်လှမ်းရေးက ဖမ်းဆီး၊ လှိုင်မြို့နယ်တွင် ကျောက်ဖြူမှ ရွှေ့ပြောင်းလာသော ရခိုင်လူငယ် ၂ ဦးကို စစ်တပ်က ဝင်ဖမ်း

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

ရန်ကုန်လေဆိပ်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာသော ခရီးသည် အသက် ၆၀ နှစ်အရွယ် ရခိုင်တိုင်းရင်းသား ဒေါက်တာဦးကို ဆိုသူကို စစ်ထောက်လှမ်းရေးက အကြောင်းပြချက် တစ်စုံ တစ်ရာ မပေးဘဲ ဖမ်းဆီးလိုက်ကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများထံမှ သိရှိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ကျောက်ဖြူမှ လေယာဉ်သည် ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်စဉ် ခရီးသည်အဖြစ် လိုက်ပါလာသော ရခိုင်တိုင်းရင်းသား ဆရာဝန် ဒေါက်တာ ဦးကို ဆိုသူကို စစ်တပ်က လေဆိပ်ထဲတွင် ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ ဒေါက်တာဦးကိုသည် Posco International (OGT)မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ကို မသိရှိရကြောင်း၊ လက်ရှိအချိန်အထိ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရှိရသည်။

“ဖမ်းတာက​တော့ လေဆိပ်ထဲမှာ စရဖက ဝင်ဖမ်းတာ။ ဘာအတွက် ဖမ်းတယ်လို့လဲ မပြောဘူး။ အခုတော့ အဆက်အသွယ်မရမတော့ဘူး” ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၈ လမ်းတွင်လည်း ကျောက်ဖြူမြို့နယ်မှ ပြောင်းရွှေ့လာသော ရခိုင်တိုင်းရင်းသား လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ည ၈ နာရီအချိန်တွင် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ပြောင်းလာတဲ့ ရခိုင်လူငယ် ၃ ဦးလုံးက အိမ်ထောင်သည်တွေပါ။ အဲဒါ စစ်တပ်နဲ့ရဲတွေက အိမ်စီးကားနဲ့ဝင်ဖမ်းတာ။ ရပ်ကွက်ထဲက ဒလန်သတင်းပေးတယ်ထင်တယ်။ မာလာမြိုင် ၈ လမ်း မြောင်းနားလေးမှာ ရခိုင်လူငယ်တွေက ထိုင်နေကြတုန်း ဝင်ဖမ်းသွားတာ။ အခုထိ အဆက်အသွယ်မရတော့ဘူး။ ဘယ်နေရာခေါ်သွားတယ်ဆိုတာ မိသားစုတွေကလည်း မသိကြဘူး။ သူတို့ အမျိုးသမီးတွေကတော့ ငိုယိုနေကြတာပေါ”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်တွင် စစ်ရုံးမှုများ ကြုံလာရချိန်တွင် ရန်ကုန်တွင် ရွှေ့ပြောင်းနေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများနှင့် မိသားစုဝင်များကို အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊မြို့နယ် ရပ်ကွက်များတွင်လည်း ရခိုင်မှ ပြောင်းရွှေ့လာသူများရှိပါက ဧည့်စာရင်းတိုင်ကြားမည်ဆိုလျှင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ အဆင့်ဆင့်သို့ အကြောင်းကြားကြရန် စစ်ကောင်စီဘက်က ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ညအချိန်မတော် ပြည်သူများကို ဧည့်စာရင်း စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ညအချိန်မတော် ပြည်သူများကို ဧည့်စာရင်း စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article