မင်းလှမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် စမ်းဘုတ်ရွာ အုပ်ချုပ်ရေးမှူး ကျော်မင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၉
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် စမ်းဘုတ်ရွာ အုပ်ချုပ်ရေးမှူး ကျော်မင်းအောင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးထားသော အုပ်ချုပ်ရေးမှူး နေရာတွင် အစားထိုး တာဝန်ယူနေသည့် အုပ်ချုပ်ရေးမှူး ကျော်မင်းအောင်ကို တော်လှန်ရေး တပ်ဖွဲ့များက မင်းလှမြို့နယ် ၊ ရှားဖြူကွင်းရွာ နှင့် လက်ပံတန်းမြို့နယ် စီတုန်းရွာ အကြားတွင် ဆိုင်ကယ် စီးလာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၆ ရဲဘော်များက ပစ်ခတ် တိုက်ခိုက် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကျော်မင်းအောင်သည် ပျူစောထီး သင်တန်း တက်ရောက်ထားသည့် အကြမ်းဖက် စစ်တပ် ထောက်တိုင် အမာခံ ဖြစ်ပြီး အကြမ်းဖက် စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များနှင့် စခန်းနေရာများကို သတင်းပို့ တိုင်ကြားမှုကြောင့် စခန်းစီးခံရကာ တပ်ခွဲ ၂မှ တပ်ခွဲမှူး ရဲဘော်ရိုးမ ကျဆုံး ခဲ့ရခြင်း၊ အကြမ်းဖက် စစ်တပ်ထံ မမှန်သတင်းပေး တိုင်ကြားမှုကြောင့် ပြည်သူတချို့ ထွက်ပြေး တိမ်းရှောင်ရခြင်း၊ အရေးယူရခြင်း ၊ ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
” သူသတင်းပေး တိုင်ကြားမှုကြောင့် တပ်ခွဲမှူး ရဲဘော်ရိုးမ ကျဆုံးခဲ့ရတာ သူ့ကြောင့် ပြည်သူ တချို့ဆို အိမ်ရှိပါရဲ့နဲ့ အိမ်မနေရတဲ့အထိ ဘဝပျက်အောင်လုပ်ခဲ့တဲ့ အကြမ်းဖက် စစ်တပ် ထောက်တိုင် ဖြစ်နေလို့ ရှင်းရတာ သူ့လိုပဲ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ဒုက္ခပေးနေသူ ပေးခဲ့သူများကို အချိန်နေရာမရွေး ရှင်းလင်းသွားပါမယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကောင်စီ နှင့် စစ်ကောင်စီ ထောက်တိုင်များကို တော်လှန်ရေး တပ်ဖွဲ့အနေဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့ အနီးအနားတွင် သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။