31 C
Yangon

မတူပီမှ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က အနီးကပ်တိုက်ခိုက် စစ်သား ၄ ဦးသေဆုံး ၃ ဦး ဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ ဧပြီ ၃၀

ချင်းပြည်နယ်၊ မတူပီမှ ပြန်လည်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မင်းတပ်-မတူပီကားလမ်း ၇၁ မိုင်ဝန်းကျင်တွင် CDF မင်းတပ်က အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

“၇၁ မိုင်မှာ စစ်ကောင်စီတွေ ရောက်လာတဲ့အချိန်မှာ ဒီနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်မှာ တိုက်ပွဲဖြစ်တယ်။ ရှေ့က ပွိုင့်တွေလွန်သွားမှ အနီးကပ် ပြောက်ကျားဝင်ပစ်တာပေါ့။ ၄ ယောက်သေတယ် ၃ ယောက်က ဒဏ်ရာပြင်းထန်တယ်” ဟု CDF မင်းတပ် ပြောခွင့်ရ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြေဆိုသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မိုင်းများဖြင့်လည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားများ ထိမှန်ကြောင်း စစ်သားထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်ကြောင်း CDF မင်းတပ်ထံမှ သိရှိရသည်။

“မိုင်းခွဲတာ စစ်ကားတွေထိတယ်၊ ထိခိုက်သေဆုံးတာတော့ အတည်မပြုနိုင်ဘူးပေါ့၊ အခု စစ်ကားတွေက မိုင် ၇၀ မှာ ညအိပ်မှာ။ ဒီနေ့ ၁ မိုင်ပဲ ရွေ့နိုင်တယ်ပေါ့၊ မနက်ကျမှ သူတို့ ဆက်ထွက်လာကြမယ်” ဟု ဆလိုင်းဟာအွမ်က ဆက်ပြောသည်။

စစ်ကား အစီး ၇၀ နှင့် စစ်သား ၃၀၀ ဝန်းကျင်ပါသော အဆိုပါစစ်ကောင်စီယာဉ်တန်းသည် မတူပီမြို့မှ ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာပြီး ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်တွင် CDF မတူပီက တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CDF မတူပီက သတင်းထုတ်ပြန်ထားသည်။

မင်းတပ်-မတူပီကားလမ်းသည် ၁၀၈ မိုင်ခန့် ရှည်လားပြီး ဖြတ်သန်းသွားလာသော စစ်ကောင်စီယာဉ်တန်းကို မတူပီမြို့နယ်ဧရိယာတွင် CDF မတူပီက တိုက်ခိုက်သလို မင်းတပ်မြို့နယ်တွင် CDF မင်းတပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓါတ်ပုံ – မင်းတပ်-မတူပီလမ်းတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article