ရန်ကုန်၊ ဧပြီ ၁၇
ကရင်နီပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၃၄ ဦးကို လွတ်ငြိမ်းချမ်း သာ ခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC အထွေထွေ အတွင်း ရေးမှူး – ၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်း ကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်း ထောင်/ စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူ အကျဉ်းသူ/ သား ၂၅ ဦး နှင့် လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အကျဉ်းသူ/သား ၂၀၉ ဦး၊ စုစုပေါင်း အကျဉ်းသူ/သား ၂၃၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် သက်သာခွင့်ပေးလိုက်ကြောင်း သိရသည်။
“အားလုံးကတော့ ၂၃၄ ဦးပေါ့၊ ဒါပေမယ့် အများကြီးခွဲထားတာရှိပါတယ်။ ဥပမာဖြင့် လုံးဝကို လွတ် ငြိမ်းပေးတာရှိတယ်။ တစ်လ လွတ်ငြိမ်းတို့၊ တစ်လသက်သာတို့၊ ၂ လ သက်သာတို့ ၃ လသက်သာတို့ ပေါ့နော်။ စသည်ဖြင့် Section လေးတွေခွဲထားတာရှိပါတယ်။ အများစုကတော့ အမှုသေးတွေနဲ့ နောက်ပြီးတော့ ကျန်းမာရေး အရ ဆေးကုသဖို့၊ ပြန်လည်ပြီးတော့ မိသားစုနဲ့အတူတူနေထိုင်ပြီးတော့ ဆေးကုသဖို့ လိုအပ်တဲ့သူတွေကို အဓိကထားလွှတ်တယ်။ နောက်တစ်ခုကတော့ ပြစ်ဒဏ်ထိန်းသိမ်း စဉ်ကာလမှာ အချုပ်၊ ထောင်စည်းကမ်း လိုက်နာနိုင်မှုအပေါ် အခြေခံပြီးတော့ လွတ်ငြိမ်းပေးခြင်း ဖြစ်ပါတယ်။” ဟု ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီ – IEC အထွေထွေ အတွင်း ရေးမှူး – ၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ လွတ်ငြိမ်းချမ်သာလွင့်နှင့်သက်ခွင့်ကို ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၇၅ ၊ အပိုဒ် ခွဲ ခ အရ ပေးလိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာမိသားစုဝင်ထံသို့ အေးချမ်းစွာရောက်ရှိစေရန် တရားရေး ဌာန နှင့် ကရင်နီပြည်ရဲတပ်ဖွဲ့ – KSP တို့ ပူးပေါင်းကာ စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။




