38 C
Yangon

မုံရွာနှင့် အရာတော်မြို့နယ်ကျေးရွာများကို စစ်တပ်က လေယာဉ်၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာတဲ့ Gyrocopter ၃ စီးသည် ကျောက္ကာရွာအတွင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးသေဆုံးကာ နေအိမ် ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျနော်သိရတာတော့ ဗုံးက နေအိမ်ပေါ်ကျတာ ပြည်သူ ၃ ဦးလုံးကတော့ ပွဲချင်းပြီး သေဆုံးတယ်။ နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးတယ်။ ကျောက္ကာဘက်မှာက တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ စစ်ခွေးတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့် ပျူစောထီးကျေးရွာများ အနီးကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့မှ စတင်ပြီး ယနေ့ ဧပြီလ ၁၇ ရက်နေ့ထိ အရာတော်မြို့နယ်ရှိ တိုက်ပွဲများဖြစ်ပွားနေသော သလဲဘာပျူစောထီးရွာ၊ ငွေတွင်းပျူစောထီးရွာနှင့် စပါးတွင်းပျူစောထီးရွာများ အနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12၊ ရဟတ်ယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကိုလည်း ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ လေယာဉ်များဖြင့် ဆက်တိုက်ပျံဝဲနေကြောင်း သိရှိရသည်။

“အရာတော်မှာကလည်း တိုက်ပွဲစဖြစ်တဲ့ ၁၅ ရက်နေ့က စပြီး နေ့တိုင်းနီးပါးကို ဗုံးကျဲ တိုက်ခိုက်နေတာ စစ်ခွေးတွေက တိုက်ပွဲမရှိတဲ့ရွာတွေထဲကိုပါ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေလို့ ပြည်သူတွေ ဘယ်လွတ်ရာ တိမ်းရှောင်နေရတယ်။ အခုလည်း လေယာဉ်တွေက ဆက်တိုက် ဝဲနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပျူစောထီးရွာများတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article