ယခုဘဏ္ဍာနှစ် ၏ စုစုပေါင်း ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၂ သောင်းနီးပါးအတွက် ငွေစက္ကူသစ်များ ရိုက်ထုတ်ရန်မှအပ အခြားနည်းလမ်းမရှိနိုင်ဟုဆို
By ရန်ကုန်ခေတ်သစ်
အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်းစီ လစာတိုးမြှင့်ပေးလိုက်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခု လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီ ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
စစ်ကောင်စီ၏ ကြေညာချက်ကြောင့် လက်ရှိ ဝန်ထမ်းအရေအတွက်မှာ ၁ ဒသမ ၃ သန်းကျော်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းအရေအတွက်မှာလည်း ၃ သိန်းအထက်တွင်ရှိသဖြင့် လစဉ် ဝန်ထမ်းနှင့် အငြိမ်းစားအားလုံး စုစုပေါင်း ၁ သန်းခွဲကျော်အတွက် ငွေကျပ် ဘီလီယံ ၄၅၀ ကျော် သုံးစွဲရမည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် ငွေကျပ် ဘီလီယံ ၅၄၀၀ ကျော်မှ ငွေကျပ်ဘီလီယံ ၆၀၀၀ နီးပါး အတွင်း တိုးမြှင့် သုံးစွဲရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဘဏ္ဍာရေးဝန်ကြီး ဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ယခင်ဘဏ္ဍာရေးနှစ်များရဲ့ စာရင်းအရ ဆိုရင် တစ်နိုင်ငံလုံး လစာပေးနေရတဲ့ အမြဲတမ်းနဲ့ နေ့စားဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းအရေအတွက် ၁ သန်းခွဲကျော်ပါတယ်။ တစ်ဦးချင်းစီအတိုင်း တစ်လကို ၃ သောင်း ထောက်ပံ့ကြေးလို့ သုံး နှုန်း ထားပေမယ့် လစာတိုးတာပါပဲ။ အဲဒီတော့ ဝန်ထမ်းနဲ့ အငြိမ်းစားအတွက် လစဉ် လစာကဏ္ဍအောက်မှာ ငွေကျပ် ဘီလီယံ ၄၅၀ ကျော် ဒီဩဂုတ်လကစပြီး တိုးမြှင့်သုံးစွဲရပြီ။ ၁ နှစ်ကို ဘီလီယံ ၅၄၀၀ ကျော် ထပ်တိုးသွားတာ” ဟု စစ်ကောင်စီ၏ ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဌာနမှ အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မူလကပင် မြန်မာနိုင်ငံ၏ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ တော်၏ ဘတ်ဂျက်လိုငွေပြမှုသည် ငွေကျပ်ဘီလီယံ ၁ သောင်းအထက်တွင်ရှိနေရာ ယခု ဝန်ထမ်းနှင့်အငြိမ်းစားများ၏ လစာကို ထပ်မံတိုးမြှင့်လိုက်သဖြင့် ဘတ်ဂျက်လိုငွေပြမှုသည် ငွေကျပ်ဘီလီယံ ၂ သောင်းနီးပါးရှိလာမည်ဖြစ် ကြောင်း သိရှိရသည်။
ယမန်နှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ဘဏ္ဍာငွေရငွေအနေဖြင့် ငွေကျပ် ၂၅၃၆၄ ဘီလီယံအောက်သာရရှိခဲ့ပြီး သုံးငွေအနေဖြင့် ငွေကျပ် ၃၃၁၇၅ ဘီလီယံကျော် ပိုမို သုံးစွဲခဲ့ကြောင်း၊ စစ်ကောင်စီတွင် ယမန်နှစ် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေပြမှု ဘီလီယံကျပ်ငွေ ၇၈၁၁ ဘီလီယံ ရှိခဲ့ကြောင်း၊ ကာကွယ် ရေးဝန်ကြီးဌာနတစ်ခုတည်းကပင် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၅,၆၃၅,၁၀၂ ဒသမ ၀၅၈ သန်း ( ကျပ်ငွေ ၅၆၃၅ ဘီလီယံကျော်) ပိုမို သုံးစွဲခဲ့ကြောင်း သိရှိရသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းကပင် စစ်အသုံးစရိတ်သည် ယမန်နှစ်ထက် ဆတိုးဖြစ်သွားပြီး ပြည် ထောင်စု၏ ကောက် ခံ ရရှိမည့် ဘဏ္ဍာငွေမှာမူ နယ်စပ်ကုန်သွယ်ရေးများအားလုံး ရပ်ဆိုင်းသွားခြင်း၊ အခွန်အကောက်ရရှိမှု လျော့နည်းလာခြင်း၊ ပြည်ပရင်းနှီးမြှပ်နှံမှု အလွန် လျော့နည်းလာခြင်းတို့ကြောင့် ယမန်နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရရှိမှုထက် ထက်ဝက်ကျော် လျော့နည်းလျက်ရှိကြောင်း၊ သို့ရာတွင် ပြည်ထောင်စုတစ်ခုလုံး၏ အသုံးစရိတ်တွင်မူ စစ်အသုံးစရိတ် ၂ ဆနီးပါး မြင့်တက်သွားခြင်း၊ အရေးပေါ် အသုံးစရိတ်ကို ကိန်းရှင်ထား၍ သုံးစွဲနေခြင်းတို့ကြောင့် ယမန်နှစ် နိုင်ငံ့အသုံးစရိတ် အနည်းဆုံး၂ ဆ နီးပါး မြင့်တက်လာကြောင်း၊ ထို့ကြောင့် နိုင်ငံ တော်၏ ဘတ်ဂျက်လိုငွေပြမှုသည် အနည်းဆုံး ငွေကျပ် ဘီလီယံ ၁၀၀၀၀ အထက်တွင်ရှိနေကြောင်း စစ်ကောင်စီ၏ စီမံ၊ ဘဏ္ဍာဝန်ကြီးဌာနထံမှ သိရှိရသည်။
စစ်ကောင်စီက စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၃၀၀၀၀ ဘီလီယံ နီးပါး ရိုက်ထုတ်ခဲ့သဖြင့် ကျပ်ငွေတန်ဖိုးထိုးကျခဲ့ကြောင်း ဇွန်လ ၃ ရက်နေ့ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုး သားညီညွတ်ရေးအစိုးရ-NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုခဲ့ဖူးသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ မေလအထိ ၃ နှစ် ၃ လအတွက် မြန်မာကျပ်ငွေစက္ကူအသစ် ရိုက်ထုတ်မှု စုစုပေါင်း တန်ဖိုး ကျပ်ဘီလီယံ ၃၀၀၀၀ နီးပါးရှိနေကြောင်း ၊ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ( ၂ နှစ်ပေါင်း) အတွက် ဗဟိုဘဏ်က ငွေစက္ကူ အသစ် ရိုက်ထုတ်မှု စုစုပေါင်း ၃၆၅၆ ဘီလီယံသာရှိကြောင်း၊ စစ်ကောင်စီ၏ ၃ နှစ် ၃ လကာအတွင်း မြန်မာကျပ်ငွေစက္ကူအသစ် ရိုက်ထုတ်မှုသည် NLD အစိုးရလက်ထက် ၂ နှစ်ကာလ ငွေစက္ကူအသစ် ရိုက်ထုတ်မှုထက် ၈ ဆကျော်အထိ တိုးမြှင့် ရိုက်ထုတ်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
စစ်ကောင်စီထံတွင် နိုင်ငံခြားငွေအလွန်လျော့နည်းနေပြီး စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် စက်တင် ဘာလအထိ မြန်မာ နိုင်ငံ၏ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိခဲ့ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် တွက်ချက်မှုများအရ နိုင်ငံခြားအရန်ငွေ လက်ကျန်မှာ ၃ ဒသမ ၈ ဘီလီယံသာတော့ကြောင်း စာရင်းအရ သိရှိရကြောင်း၊ သို့ရာတွင် အမေရိကန်က ထိန်းသိမ်းထားသော အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ပါတွက်ချက်ပါက စစ်ကောင်စီထံတွင် အလွန်နည်းပါးသော နိုင်ငံခြားငွေကြေး ကျန်ရှိတော့ကြောင်း သိရှိရသည်။
စစ်ကောင်စီအနေဖြင့် လက်ရှိ ကြုံတွေ့နေရသော ဘဏ္ဍာရေးအကျပ်အတည်းကို ငွေစက္ကူအသစ်များ ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းနေသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာရှောင်တာနယ်ကလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ပြောဆိုခဲ့သည်။
ရန်ကုန်အခြေစိုက် UMFCCIမှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးကမူ စစ်ကောင်စီ အနေဖြင့် နှစ်စဉ် စစ်အသုံးစရိတ် ကြီးမားလားမှုနှင့် လစာတိုးမြှင့်ပေးခြင်းကဲ့သို့သော ဘတ်ဂျက်လိုငွေပြမှုများအတွက် လက်တွေ့တွင် ငွေစက္ကူအသစ်များ တိုးမြှင့် ရိုက်ထုတ်သုံးစွဲနေသည်ကို မြင်တွေ့ရကြောင်း၊ လက်ရှိ ဝန်ထမ်းနှင့် အငြိမ်းစားများ အတွက် လစာတိုးမြှင့်ပေးမှုကြောင့် နှစ်စဉ် လိုအပ်လာသော ဘတ်ဂျက်လိုငွေ ငွေကျပ်ဘီလီယံ ၅၄၀၀ ကျော်နှင့် ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံတော်၏ ဘတ်ဂျက် လိုငွေ ငွေကျပ်ဘီလီယံ ၁ သောင်းအထက် စုစုပေါင်း ဘတ်ဂျက်လိုငွေပြမှု ငွေကျပ် ဘီလီယံ ၂ သောင်းနီးပါးအတွက် ငွေစက္ကူအသစ်များ ရိုက်ထုတ် သုံးစွဲရန်မှ အပ အခြားမရှိကြောင်း သုံးသပ်ပြောဆိုသည်။
“အခု ဒီဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေမှုကို လုပ်နေပေမယ့် မအောင်မြင်ဘူး။ မအောင်မြင်ဘူး ဘာကြောင့် ပြောလဲဆိုရင် ဟိုတစ်လောက ဘဏ်တွေမှာ ငွေတွေ အကန့်အသတ်နဲ့ ထုတ်ပေးတဲ့ပြဿနာကိုကြည့်ရင် သိသာပါတယ်။ မြန်မာပြည်သူတွေက ငွေသား ကျပ်ငွေကို ပိုပြီးတော့ ခုံမင်ကြတယ်။ အဲဒါက တစ်ချက်။ နောက်တစ်ချက်က ကိုယ့်လက်ထဲမှာ ငွေသားတွေ ရှိနေမှ ပြည်သူက စိတ်ချလုံခြုံတယ် ခံစားရတာ။ ဒါကလည်း နစကကို မယုံကြည်မှုတွေကြောင့်လည်း ပါသလို မြန်မာပြည်သူတွေ အစဉ်အဆက် ငွေသားကိုင်တွယ်သုံးရတာကို ကြိုက်နှစ်သက်မှုပြောရမလား၊ အဲဒါကလည်း ဒုတိယအချက်။ တတိယ အချက်ကတော့ ဒီဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေမှုက မြို့ပေါ်မှာကလွဲရင် ကျေးလက်တွေမှာ မတွင်ကျယ်ဘူး။ မီးမမှန်ဘူး၊ အင်တာနက်မရဘူး။ အဲဒီမှာတင် မအောင်မြင်တာ။ အခု ဘတ်ဂျက်လိုငွေဖြစ်တဲ့ ငွေကျပ် ဘီလီယံ ၂ သောင်းနီးပါးကိုလည်း ဒီဂျစ်တယ်ငွေကြေးနဲ့ ပေးလို့အဆင်မပြေတော့ ငွေစက္ကူ အသစ်ထပ်ရိုက်မှာပဲ။ ဟိုတလောက ဘဏ်တွေ ငွေအကန့်အသတ်နဲ့ ထုတ်မရတဲ့ ပြဿနာကိုလည်း ၁ သောင်းတန်တွေ ပေါပေါလောလောရိုက်ထုတ်ပြီး ပြဿနာ ဖြေရှင်းခဲ့တာပဲ။ ငွေကြေး ဖောင်းပွမှု အခြေအနေ ပိုဆိုးလာဦးမယ့် အခြေအနေပါ” ဟု UMFCCIမှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar