26 C
Yangon

ပြင်ပ ဒေါ်လာတန်ဖိုး မြင့်တက်ချိန် စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရန် လိုအပ်သော ဒေါ်လာများ ရောင်းမပေး သည့်အပြင် ဆီစျေးနှုန်းကို အနိမ့်စျေးဖြင့် ဆက်ရောင်းခိုင်းနေ၍ ဆီပြတ်လပ်မှု ပြန်ဖြစ်နိုင်ဟု ဆီကုန်သည်များပြော

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

စစ်ကောင်စီက ဝန်ထမ်းအားလုံး လစာတိုးမြှင့်လိုက်မှု၏ နောက်ဆက်တွဲ ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးများ မြင့်တက်လာချိန် ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာများ ရောင်းချမပေးသည့်အပြင် ဆီစျေးနှုန်းကိုပါ အနိမ့်စျေးဖြင့် ဆက်လက်ရောင်းချခိုင်းနေ၍ ဆီကုန်သည်များ အခက်တွေ့နေရကြောင်း စက်သုံးဆီတင်သွင်းသူ အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၂၃၀ အထိမြင့်တက်လာချိန် စစ်ကောင်စီက စက်သုံးဆီ တင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာများကို အပြည့်အ၀ ရောင်းချပေးခြင်းမရှိတော့ကြောင်း၊ ထို့ပြင် စက်သုံးဆီစျေးနှုန်းများကိုလည်း မြင့်တက်လာသော အမေရိကန်ဒေါ်လာတန်ဖိုးနှင့်အညီ လိုက်လံ တက်ပေးခြင်းမရှိဘဲ စစ်ကောင်စီသတ်မှတ် ဒေါ်လာငွေလဲနှုန်းဖြင့်သာ တွက် ချက် ရောင်းချမှုများ လုပ်ဆောင်နေသဖြင့် စက်သုံးဆီတင်သွင်းသူများ အခက်တွေ့နေရကြောင်း၊ လက်ရှိ သီလဝါတွင် စက်သုံးဆီ တင်သွင်းရန် အခက်အခဲ ဖြစ် ပေါ်နေပြီး ဆီမထုတ်ပေးနိုင်မှုများရှိနေကြောင်း သိရှိရသည်။

“အခု ဗဟိုဘဏ်က ဆီတင်သွင်းဖို့ ဒေါ်လာ ရောင်းမပေးနိုင်တော့ပြန်ဘူး။ ပြီးတော့ စက်သုံးဆီတွေကို ပြင်ပက ဒေါ်လာဝယ်ပြီး သွင်းလာတာကိုလည်း ဗဟိုဘဏ်သတ်မှတ် ဒေါ်လာစျေးနဲ့ ဆီစျေးနှုန်း သတ်မှတ်နေတာကိုလည်း မပြင်ပေးဘူး။ အပြင်မှာက ဒေါ်လာက တအားကို တက်နေတာ။ မုန့်လုံးကို စက္ကူကပ် ဒီပြဿနာပဲ ခဏခဏ ပြန်ပြန် ကျော့ပြီးဖြစ်နေတယ်။ ဒေါ်လာလည်း ရောင်းမပေးဘူး။ ရောင်းမပေးလို့ ပြင်ပပေါက်စျေးနဲ့ ဆီသွင်းတော့လည်း ဆီစျေးနှုန်းကို အနိမ့်စျေး သတ်မှတ်ထားတယ်။ အခု ဆီတွေ ထပ်ပြတ်လပ်နိုင်တယ်။ အခု သီလဝါမှာ စက်သုံးဆီတွေ လုံလုံလောက်လောက် ထုတ်မပေးနိုင်ပြန်ဘူး” ဟု စက်သုံးဆီတင်သွင်းသူတစ်ဦးက ပြောဆိုသည်။

လတ်တလော စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာ ၂၆၃၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၇၅၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားပြီး ယင်းစျေးနှုန်းဖြင့် ဆက်လက်ရောင်းချနေရသည့်အတွက် စက်သုံးဆီတင်သွင်းသူ များ အရှုံးပေါ်နေကြောင်း သိရှိရသည်။

လက်ရှိ စက်သုံးဆီဆိုင်တချို့တွင် 92နှင့် 95 ဓာတ်ဆီများ ပြတ်လပ်ခြင်း၊ စျေးနှုန်း အကန့် အသတ်ဖြင့် ဆီရောင်းချခြင်းများဖြစ်ပေါ်နေပြီး တချို့ ဆီဆိုင်များတွင် ကားများ တန်းစီ၍ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ပြန်လည်ဝယ်ယူနေရမှုများရှိနေကြောင်း သိရှိရသည်။

“မနေ့ညနေနဲ့ ညပိုင်း ဆီလိုက်ဖြည့်ရတာ တော်တော်ခက်သွားတယ်။ အခုမနက်တော့ အရမ်းတော့ မကျပ်သေးဘူး။ ကျနော်ဖြည့်လာတာ ရှေ့မှာ ကား အစီး ၂၀ လောက်တော့ တန်းစီလိုက်ရတယ်။ 92 ဓာတ်ဆီကို သုံးသောင်းဖိုးပဲ ရောင်း ပေးတယ်” ဟု ယခုနံနက်ပိုင်း လှိုင်မြို့နယ်၊ ရွာမကွေ့ရှိ မြတ်မေတ္တာမွန် (MMTM) စက်သုံးဆီ အရောင်းဆိုင်တွင် ဆီထည့်ခဲ့သည့် အငှားယာဉ်မောင်း တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်၊ မြေနီကုန်းရှိ SPC စက်သုံးဆီအရောင်းဆိုင်ကို ယနေ့ နံနက်ပိုင်း မြင်တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်၊ မြေနီကုန်းရှိ SPC စက်သုံးဆီအရောင်းဆိုင်ကို ယနေ့ နံနက်ပိုင်း မြင်တွေ့ရစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article