ရန်ကုန်၊ မေ ၂
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် စစ်သား ၄၀ခန့်ပါဝင်ပြီး ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် မွန်းလွဲ ၁၂နာရီ ၃၀မိနစ်တွင် စတင် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းသိရသည်။
” ဒီနေ့ ၁၂နာရီ ၃၀ မိနစ်မှာ စစ်ခွေးတွေက အင်းပတ်ရွာကို စတင်မီးရှို့တယ်။ ၁နာရီ ၃၀ မိနစ်မှာ မီးခိုးပိုကြီး လာတာပဲရှိပါတယ်။ ငြိမ်းမဲ့သူမရှိရင် ရွာလုံးကျွတ်ပါပဲ။ အနီးအနားမှာ ရှိတဲ့ အင်တိုင်လေးရွာက စစ်ခွေးအဖွဲ့ခွဲလည်း ထပ်ရောက်နေတယ်။ ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့သိတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မလဲသာကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေကာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာ တောင်ပိုင်းနှင့် မြောက်ပိုင်းကို မီးရှို့နေကာ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးလတိမ်းရှောင် နေရကြောင်း သိရသည်။
” အရာတော်မြို့နယ် မလဲသာ ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်တွေ မီးရှို့နေပြီ နံနက် ၁၁နာရီ လောက်က မီးရှို့နေတာ အခုတော့ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ အင်အားများတယ် စစ်ခွေးတွေ ရွာတောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပတ်ရှို့နေတာ လက်နက်ကြီးနဲ့လည်း ပစ်တယ်လို့ သိရပါတယ်။ ရွာသားတွေက အဝေးကနေ ကိုယ့်ရွာ မီးရှို့နေတာကိုကြည့်နေရတယ်”ဟု ဒေသခံ ပြည်သူများက ပြောဆိုသည်။
Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့