29 C
Yangon

ခင်ဦးနှင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အဖွားအို ၁ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးနှင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အဖွားအို ၁ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၀ အရွယ် အဖွားအို ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့တွင် ရေဦးမြို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခင်ဦးမြို့နယ်အနောက်ခြမ်း အပါအဝင် ရေဦးမြို့နှင့် ၅ မိုင် ပတ်လည် အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာသစ်ကျေးရွာနှင့် အင်းပတ်ကျေးရွာကို လက်နက်ကြီး ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသစ်ကျေးရွာမှ အသက် ၆၀ အရွယ် အဖွားအို ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ ရေဦး-ပျဉ်ထောင်ပျူစောထီးရွာတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း အသင့် အနေအထားရှိနေသည်ဟု သတင်းများကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ဒေသ ပြည်သူများသည် စိုးရိမ်မှုများဖြင့် မြင်းကျ၊ ဥယျာဉ်လေးနှင့် ကျွန်းတောကြီး ရွာတို့မှ ဒေသပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မောင်းမကန်ပင်လယ်ပြင်၌ ရောက်ရှိနေသော စစ်သင်္ဘောပေါ်က လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ၃ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် သဘော့ဆိပ်ရွာ ရှိုင်သာယာ တောင်ကုန်းပေါ်မှလည်း ဘုန်းကြီးကျောင်းအနီးကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး ကရင်ကြီးရွာတောင်ပိုင်းကို ၁ လံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ ရက်ကတော့မောင်းမကန်ရဲစခန်းက ပစ်လိုက်တဲ့ လက်နက်ကြီး မောင်းမကန်ရွာထဲက နေအိမ် ၁ လုံး ပေါ်ကျပြီး ကလေး ၂ ဦးအပါအ၀င် မိသားစုဝင် ၃ ဦး ထိခိုက် ဒဏ်ရတယ်။ လောင်းလုံး‌ အခြေစိုက် ခလရ၁၀၄ ကလည်း လက်နက်ကြီး ၃ ချက်ထုတယ် ဘယ်ကိုပစ်လဲတော့မသိဘူး။ ထား၀ယ် ကြက်စားပြင်ကာစတန်ကလည်း လောင်းလုံးဘက်ကို လက်နက်ကြီး ၃ ချက်ပစ်ခတ်ခဲ့တယ်။ အဲတာလည်း ဘယ်ကိုကျလဲမသိရဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article