ရန်ကုန်၊ ဩဂုတ် ၁၄
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အများစုတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ဆိုင်တချို့ပိတ်ထားကြောင်း၊ ဆီရရှိနေသေးသော ဆိုင်များတွင် ကားတန်းရှည်ကြီးများဖြစ်နေကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း ဆီတန်းစီနေသော ကားသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ည ၇ နာရီမှစတင်၍ ဆီဆိုင်များတွင် ကားများ ညအိပ်တန်းစီခဲ့ကြကြောင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း ဆီတန်းစီနေသော ကားတန်းကြီးများကို ရန်ကုန်မြို့ တစ်ဝန်းတွင် တွေ့ရှိနေရကြောင်း၊ စက်သုံးဆီ အရောင်းဆိုင်အများစုတွင် ဆီကုန်နေပြီး ရောင်းစရာမရှိဖြစ်နေကြောင်း သိရှိရသည်။
“တက္ကသိုလ်ရိပ်သာလမ်း မြ၀တီဆီဆိုင်မှာတော့ ဆီမရှိတော့ဘူးဆိုပြီး လက်ခါပြတယ်။ အမှတ် ၃ လမ်းပေါ်မှာရှိတဲ့ Max၊ ဆရာကြီး၊ Terminal၊ PT power၊ Moon Sun၊ Denko ၊ရတနာ ဆိုင်အားလုံးမှာလည်း ဘာဆီမှ မရှိဘူး။ ဦးဝီစာရလမ်းက Denko နဲ့ အင်းစိန် Denko မှာလည်း ဆီမရဘူး။ မြေနီကုန်း SPC မှာလည်း ဆီမရဘူး။ ဒီမနက် ဆိုင်တော်တော်များများမှာ ဆီမရဘူးဖြစ်နေတယ်” ဟု ရန်ကုန်မှ ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
ရွှေပြည်သာမြို့နယ် Moon Sun ဆီဆိုင်တွင် နံနက် ၃ နာရီကတည်းက စက်သုံးဆီများရရှိရေး ကားများ တန်းစီခဲ့ကြကြောင်း၊ ကားများတန်းစီချိန်တွင် ဆီဆိုင်က ဘာမှ ထွက်မပြောခဲ့ဘဲ နံနက် ၆ နာရီခွဲ အချိန် ကားတန်းအလွန်ရှည်ချိန်ရောက်မှ ယနေ့ ဆီ မပေးနိုင်ကြောင်း၊ ဆီမရှိကြောင်း ထွက်ပြောသဖြင့် ကားသမားများအားလုံး ဆီမရရှိဘဲ ဒုက္ခရောက်နေရကြောင်း သိရှိရသည်။
“မနက် ၃ ခွဲလောက်ကတည်းက ကျနော်တို့က တန်းစီနေတာဗျာ။ တကယ်ဆို ထွက်ပြောပါလား။ အခုကျ မနက် ၆ နာရီခွဲလောက်ကျမှ ဆီမရဘူးပြောတော့ အကုန်ဒုက္ခရောက်ကုန်ရော။ တချို့ကားတွေ ဆီမရှိလို့ တွန်းပြီး လမ်းဘေးရပ်နေရတယ်။ ဆီရဖို့ လိုက်ဝယ်နေရတယ်။ အတော်ဒုက္ခပေးတဲ့ ဆီဆိုင်တွေ” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
လတ်တလော ဆီဆိုင်များတွင် ဒီဇယ်ရောင်းချပေးလျှင် ဓာတ်ဆီ မရှိဘဲ ဓာတ်ဆီရောင်းချပေးသော ဆီဆိုင်များတွင်လည်း ဒီဇယ်မရောင်းပေးနိုင်ကြောင်း၊ ယနေ့ ဆီရရှိမှု အခြေအနေသည် အဆိုးဆုံးအနေအထားဖြစ်ကြောင်း ကားသမားများက ဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar