ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲမှု ကိုရင် ၁ ပါး ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၁၇
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုရင် ၁ ပါး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။
သြဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ ကိုရင် ၁ ပါး ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဆွမ်းစား ကျောင်းဆောင်နှင့် ဇရပ်ကျောင်းဆောင် ၂ ဆောင်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဦးတည်ပြီး နမ့်ဆန်မြို့ကို လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။