30 C
Yangon

သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်ကို ထောင်ဝန်ထမ်းများကရိုက်နှက်မှု ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိ ၊ တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရ

Must read

သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်ကို ထောင်ဝန်ထမ်းများကရိုက်နှက်မှု ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိ ၊ တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရ

ရန်ကုန်၊ ဩဂုတ် ၁၉

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရောက်လာသည့် နိုင်ငံ ရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရန်သူသဖွယ် ညဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ အင်းစိန်ထောင်မှ သာယာဝတီအကျဉ်းထောင်သို့ နိုင်ငံ ရေး အကျဉ်းသား အများစုပါဝင်သည့် အကျဉ်း သား ၃၀၀ ဦးကို ပြောင်းရွှေ့ပြီးနောက် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို အကြောင်းပြချက်တစ်စုံ တစ်ရာမရှိဘဲ ဦးချိုးသည့်အနေနှင့် ထောင်အဝင်နှင့် ထောင်ဗူးဝတွင် ရိုက်နှက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ထောင်ပိုင်ရဲရင့်နိုင် ကိုယ်တိုင်က နိုင်ကျဉ်းတွေအပေါ်ဖိနှိပ်ရာမှာ ဦးဆောင်ပါဝင်နေတာတွေ့ရပါတယ်။ သူ့လက်အောက်က အကစ ဝန်ထမ်းငယ်တွေကလည်း ရဲရင့်နိုင်အကြိုက် လိုက်ပြီး နိုင်ကျဉ်းတွေကို ရွေးချယ်ရိုက်နှက်ပြီး မျက်နှချိုသွေးနေကြတယ်။ အခုထိလည်း ထောက်ထဲမှာ ပုံစံဆိုတဲ့စကားကိုအသုံးချပြီး ဖိနှိပ်နေကြပါတယ်။ တပ်ကြပ်စိုးမြင့် ဆိုတဲ့သူက အဓိက နိုင်ကျဉ်း‌တွေကို ရိုက်နှက်ရာမှာ တက်ကြွစွာပါဝင်ပြီး မတရားဖိနှိပ်နေပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကျဉ်းထောင် အာဏာပိုင်များ၏ ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဉ်း သား ၄၀ ဦးကျော်တို့သည် ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ထောင်ပြောင်းနှင့်ရောက်လာသည့် အကျဉ်းသားများကို ပြစ်မှုကျူးလွန်ခြင်းမရှိပါဘဲ ခြေကျင်းဒေါက်များဖြင့်‌ တစ်လကျော်အထိ ကြာမြင့်စွာ ခတ်ထားခြင်းခံခဲ့ကြရကြောင်း၊ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်း သားများအနက် ၎င်းတို့ Blacklist သွင်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ကိုလည်း ရိုက်နှက်၍ တိုက်ထဲတွင်သာ ခြေကျင်း ဒေါက်ခတ် ထားကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်သူများထဲတွင် သာယာဝတီထောင်မှ အသက် ၅၀ ဝန်းကျင်အရွယ် ထောင်ဝန်ထမ်း စိုးမင်း ( တပ်ကြပ်)ဆိုသူ အဓိကပါဝင်နေပြီး ယခုလက်ရှိတွင် ပုံစံဟုဆိုကာ ဖိနှိပ်မှုများကို ထောင်အာဏာပိုင်များက ပေါ်ပေါ်တင်တင် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ၊ ထိုသို့ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် ပတ် သက်၍ ကျူးလွန်သူများကို ထိုက်တန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပေါ်ပေါက်သည်အထိ ‌လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျန်ချိုးဖောက်ခံနေရမှုများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ‌ဆက် လက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

“ကျနော်တို့ သာယာဝတီထောင်ပိုင် ရဲရင့်နိုင်ရဲ့ လာဘ်စားမှု၊ထောင်တွင်းစီးပွားရှာနေမှုကိုလည်း စနှစ်တကျဖော်ထုတ်နေတယ်ဆိုတာကိုလည်း အသိပေးချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ဓာတ်ပုံ- အကျဉ်းထောင်အတွင်း ထောင်ဆူမှုများကို နှိမ်နင်းရေး သရုပ်ပြ လေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article