အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံးနှင့် ကျည်လွဲအဆောင်တို့ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၁၉
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး လက်ပစ်ဗုံးနှင့် ကျည်လွဲအဆောင်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၂၇ မိနစ်ခန့်တွင် နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်း ကို ၄င်းနေထိုင်သည့် အုန်းပင်စုကျေးရွာ လမ်းမဘေး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၃ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ဝင်း ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ကျည်လွဲအဆောင် ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်းထောက်ပံငွေ ကောက်ခံသည့် စာရင်းစာအုပ်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူး အောင်ဝင်းသည် စစ်ကောင်စီ ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ သွားလာနေသည့် လမ်းများ ဟုဆိုကာ ပြည်သူများ အသုံးပြုနေသည့် ကျေးရွာချင်းဆက်လမ်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့အား ဘူဒိုဇာဖြင့် ဖျက်ဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များကို အကြမ်းဖက် စစ်တပ်ထံ ထောက်လှမ်းသတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ ဒေသပြည်သူ များကို အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသည့် လက်ပစ်ဗုံးပြ၍ လက်နက်အားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။