26 C
Yangon

နိုင်ငံတစ်ဝန်း အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားတိုင်း ရပ်/ကျေး ပြည်သူ့လုံခြုံရေး ကြီးကြပ်ရေးအဖွဲ့များတွင် ပါဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်

Must read

နိုင်ငံတစ်ဝန်း အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားတိုင်း ရပ်/ကျေး ပြည်သူ့လုံခြုံရေး ကြီးကြပ်ရေးအဖွဲ့များတွင် ပါဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၄

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားတိုင်းသည် ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီးကြပ်ရေးအဖွဲ့များတွင် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပြီး စစ်သင်တန်းများလည်း တက်ရောက်ရမည်ဟု စစ်ကောင်စီက အမိန့် ညွှန်ကြားတစ်ရပ်ထုတ်ပြန်လာကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ တွင် စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန် ဖွဲ့စည်းလိုက်သော ပြည်သူ့ လုံခြုံရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့က ထိုသို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လာခြင်းဖြစ်ကြောင်း၊ “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” ၏ လက်အောက်တွင် ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းခြင်း၊ လက်နက်များတပ်ဆင်ခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားများအနေဖြင့် ပြည်သူ့စစ်သင်တန်းတက်ရောက်ပြီး ရပ်ကွက်နှင့်ကျေးရွာလုံခြုံရေးတပ်ဖွဲ့များတွင် ပါဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

” တစ်နိုင်ငံလုံး အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အမျိုးသားတိုင်းက ကိုယ့်ရပ်ကိုယ့်ကျေးရွာမှာပဲ စစ်သင်တန်းတက်ရမယ်။ နောက်ပြီး ရပ်ကွက်နဲ့​ကျေးရွာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့တွေမှာ ပါဝင်ရမယ်။ အသက် ၃၅ နှစ်အောက် လူငယ်တွေက လစဉ် ခေါ်နေတာဖြစ်တဲ့ စစ်မှုထမ်း သင်တန်းတွေမှာ တက်ရောက်ရမှာဖြစ်ပြီး အဲဒီ စစ်မှုထမ်းသင်တန်းနဲ့ အကျုံးမဝင်တဲ့ သက်ကြီးပိုင်း အမျိုးသားတွေအားလုံးက ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့မှာ ပါဝင်ရမယ်လို့ ညွှန်ကြားချက်ထုတ်ထားတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့များကို စတင်ဖွဲ့စည်းနေပြီး ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း ပြင်ခရိုင်ကျေးရွာတွင်လည်း အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းအမျိုးသားများအားလုံးကို ပြင်ခရိုင်ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့တွင် ထည့်သွင်းထားကြောင်း ဒေသပြည်သူများက ဆိုကြသည်။

စစ်ကောင်စီက ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းခြင်း၊ လက်နက်များတပ်ဆင်ခြင်းများ လုပ်ဆောင်မည့်အပြင် တိုက်ပွဲများနှင့်ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ရိက္ခာနှင့်ထောက်ပို့ များ လုပ်ဆောင်ခြင်း၊ စစ်ဆင်ရေး နည်းဗျူဟာများ လေ့ကျင့်ခြင်း များဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယင်းအဖွဲ့က နယ်မြေလုံခြုံရေး၊ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများသို့ ထောက်ပို့၊ ဆက်သွယ်ရေး၊ ဒဏ်ရာရလူနာများ ကယ်ဆယ်ထုတ်ရေး၊ ပြုန်းတီးအင်အားများနေရာတွင် အစားထိုးခန့်အပ်ခြင်း၊ စိတ်ဓာတ်ပိုင်းဖြည့်ဆည်းပေးခြင်း၊ နည်းပညာမြင့်စစ်လက်နက်များ ကိုင်တွယ်အသုံးပြုခြင်းနှှု့် အတတ်ပညာရှင်များ ထည့်သွင်း ဖွဲ့စည်းခြင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်အညီ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်၊ လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်များ ပေးခြင်း၊ တိုင်းစစ်ဌာနချုပ်များနှင့်ညှိနှိုင်း၍ နယ်မြေများကို ပိုင်းခြားပေးခြင်းနှင့် တာဝန်အမျိုးအစားသတ်မှတ်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရနှင့် ကျဆုံးစစ်သည်များအတွက် ထောက်ပံ့ကူညီမှုများ ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အသက် ၇၀ နီးပါးရှိ အငြိမ်းစား စစ်အရာရှိ ဗိုလ်မှူးတစ်ဦးကို စစ်တပ်တွင် ရာထူးပေး၍ ပြန်ခေါ်ယူ တာဝန်ထမ်းခိုင်းထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article