29 C
Yangon

ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ၇ နှစ်ပြည့်အဖြစ် ကျူးလွန်သော မြန်မာစစ်တပ်ကို ချက်ချင်းအရေးယူဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့ ၃ ခုက တောင်းဆို

Must read

ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ၇ နှစ်ပြည့်အဖြစ် ကျူးလွန်သော မြန်မာစစ်တပ်ကို ချက်ချင်းအရေးယူဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့ ၃ ခုက တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၂၅

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ၇ နှစ်ပြည့်အဖြစ် ကျူးလွန်သော မြန်မာစစ်တပ်ကို ချက်ချင်းအရေးယူဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့ ၃ ခုဖြစ်သော သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၊ မြန်မာ့ ဒီမိုကရေစီကာကွယ်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် ရှေ့ပြေးအသံအဖွဲ့တို့က တောင်းဆိုလိုက်သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ၇ နှစ်ပြည့်သော ယနေ့တွင် ထိခိုက်ခံစားခဲ့ရသူများနှင့် ရှင်သန်ကျန်ရစ်သူများအားလုံးအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးအတွက် ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့်အတူ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၊ မြန်မာ့ ဒီမိုကရေစီကာကွယ်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် ရှေ့ပြေးအသံအဖွဲ့တို့က ခိုင်မာစွာ အတူတကွရပ်တည်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ လျင်မြင်စွာ မြင့်တက်လာနေသောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် မြန်မာစစ်အုပ်စုက ကျူးလွန်ထားသည့် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် အလုံးစုံပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး ချက်ချင်းဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့ ၃ ခုက တိုက်တွန်းတောင်းဆိုလိုက်သည်။

ကမ္ဘာ့အသိုင်းအဝိုင်းများအနေဖြင့် ရိုဟင်ဂျာများကို မမေ့မလျော့ဘဲ ၎င်းတို့အပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်နှင့် ကျူးလွန်မှုများ ထပ်မံမဖြစ်ပွားစေရေး ကာကွယ်ရန် ဆုံးဖြတ်ချက် အခိုင်အမာချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းပုံသဏ္ဍာန် ဖော်ဆောင်ချိန်တွင် နိုင်ငံသားဖြစ်ခွင့် အပါအဝင် ရိုဟင်ဂျာများ၏ အခွင့်အရေး အပြည့်အဝပြန်လည်ရရှိရေးနှင့်အတူ နွေဦးတော်လှန်ရေး၏ နိုင်ငံရေးလုပ်ငန်းစဥ်များတွင် ရိုဟင်ဂျာများ၏ အဓိပ္ပါယ်ပြည့်ဝသော ပါဝင်မှု ဖြစ်စေရေးအတွက်လည်း တောင်းဆိုသည်။

လွန်ခဲ့သောခုနစ်နှစ်တွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ရွာများကိုမီးရှို့ဖျက်ဆီးခြင်းဖြင့် ကြောက်မက်ဖွယ် လူမျိုးသုဥ်း သတ်ဖြတ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း၊ စစ်တပ်၏ “နယ်မြေရှင်းလင်းစစ်ဆင်ရေး” ဆိုသည့်လုပ်ဆောင်မှုကြောင့် ၂၀၁၇ ခုနှစ်မတိုင်ခင်ကတည်းကပင် စစ်တပ်၏ ဖိနှိပ်ညှဥ်းဆဲမှုများကြောင့် ရိုဟင်ဂျာဦးရေ ၃၀၀,၀၀၀ ကျော် ဒုက္ခသည်အဖြစ် ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ရိုဟင်ဂျာဦးရေ ၇၅၀,၀၀၀ ကျော် ထွက်ပြေးခိုလှုံခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ယခုထိတိုင် ထိုထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာလူမျိုးတစ်သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ လူဦးရေ အလွန်ထူတပ်သော ဒုက္ခသည်စခန်းများတွင် ဆိုးရွား လူမဆန်သည့် အခြေအနေအောက်၌ နေထိုင်နေကြရကြောင်း သိရှိရသည်။

ယနေ့ ရခိုင်ပြည်နယ်အတွင်း တစ်ဖန်ပြန်ဖြစ်ပေါ်လာနေသည့် ရက်စက်ကြမ်းကြုတ်မှုများက မြန်မာစစ်အုပ်စုမှ ရိုဟင်ဂျာများအ‌ပေါ် အရှိန်တိုးမြှင့်လုပ်ဆောင်နေသော လူမျိုးသုဥ်းသတ်ဖြတ်မှုကို သိသာထင်ရှားစွာ ဖော်ပြနေကြောင်း၊ ၂၀၂၄ ခုနှစ် တစ်နှစ်ပတ်လုံးတွင် စစ်အုပ်စုသည် ရိုဟင်ဂျာရွာများကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲခဲ့သောကြောင့် ကလေး သူငယ်များအပါအဝင် လူပေါင်းဒါဇင်နှင့်ချီ​ သေဆုံးခဲ့ရသည်သာမက ထိုလူထုအသိုင်းအဝိုင်းများအား ဆက်သွယ်ရေး ဖြတ်တောက်ထားခြင်းဖြင့် သတင်းအမှောင်ချထားပြီး ယင်းက ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန် ခံရနိုင်ခြေနှင့် ရိုဟင်ဂျာများ၏ လွန်စွာမှထိခိုက်လွယ်သည့် အခြေအနေများအပေါ် စနစ်တကျအမြတ်ထုတ်ခံရနိုင်ခြေ တို့ကို မြင့်မားစေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြသည်။

မြန်မာစစ်အုပ်စုသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရိုဟင်ဂျာလူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မလူသစ်စုဆောင်းကာ ၎င်းတို့အတွက် ရှေ့တန်းတိုက်ခိုက်ရေးသမားများ၊ လူသားဒိုင်းများ၊ လူသား မိုင်းရှင်းလင်းရေးသမားများ၊ ပေါ်တာများအဖြစ် အဓမ္မခိုင်းစေလျက်ရှိကြောင်း၊ ရာနှင့်ချီသော ရိုဟင်ဂျာများ ပါဝင်ရန် အတင်းအဓမ္မစေခိုင်းခဲ့သည့် စစ်အုပ်စု၏ အာရက္ခတပ်တော် (Arakan Army – AA) ဆန့်ကျင်ရေးဆန္ဒပြပွဲများ စီစဥ်မှုသည် ရခိုင်ပြည်နယ်အတွင်း လူမျိုးစုအချင်းချင်းကြားနှင့် ဘာသာရေးဆိုင်ရာပဋိပက္ခများကို မီးစထိုးခြင်းဖြစ်ပြီး ရိုဟင်ဂျာများ၏ အတိဒုက္ခများကို ပိုမို၍ပင် ဆိုးရွားသွားစေကြောင်း၊ တစ်ချိန်တည်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များလည်း ရှေ့တန်းစစ်မျက်နှာတွင် မြန်မာစစ်အုပ်စုအတွက် တိုက်ခိုက်ပေးရန် အတင်းအဓမ္မဖမ်းဆီးခြင်းခံနေကြရပြီး အသက်ပေးသေဆုံးနေကြရကြောင်း သိရှိရသည်။

မြန်မာစစ်အုပ်စုအတွက် ရိုဟင်ဂျာဒုက္ခသည်များကို ဖမ်းဆီးပေးမှုများကို ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများဖြစ်သော Arakan Rohingya Salvation Army၊ Rohingya Solidarity Organization နှင့် Arakan Rohingya Army တို့က လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့သည် ရိုဟင်ဂျာလူထုအသိုင်းအဝိုင်းကို ကိုယ်စားမပြုသည့် စစ်အုပ်စုနှင့်ပူးပေါင်းလုပ်ဆောင်နေသော အဖွဲ့အစည်းများဖြစ်ကြောင်း ရိုဟင်ဂျာအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက အကြိမ်ကြိမ်ရှုတ်ချထားပြီး ဖြစ်ကြောင်း သိရှိရသည်။

လွန်ခဲ့သော ၁၀ လတာကာလအတွင်းတွင် ရခိုင်ပြည်နယ်၌ ကျန်ရှိနေသေးသည့် ရိုဟင်ဂျာဦးရေ ၆၀၀,၀၀၀ သည် မြန်မာစစ်အုပ်စုနှင့် AA တို့အကြား မြင့်တက်လာနေသော တိုက်ပွဲများအကြား ရည်ရွယ်ချက်ရှိရှိ တိုးမြှင့် လုပ်ဆောင်နေသောဖိနှိပ်မှုများကို ခံစားနေကြရကြောင်း၊ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီးမှုနှင့် အဓမ္မလက်စတုံးဖျောက်ဖျက်မှုများ ပါဝင်သော AA ၏ ပစ်မှတ်ထား တိုက်ခိုက်မှုများကို ခံနေကြရကြောင်း၊ ၂၀၁၇ ခုနှစ် လူမျိုးသုဥ်းသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သော ရိုဟင်ဂျာ အရပ်သားပြည်သူ ၂၀၀,၀၀၀ ကျော်သည် AA ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်လည်းကောင်း၊ စစ်တပ်နှစ်တပ်ကြား ဆိုးရွားပြင်းထန်သော တိုက်ပွဲများကြောင့်လည်းကောင်း ပြေးစရာမြေမရှိဘဲ​ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။

မျက်မြင်သက်သေများ၏ ပြောဆိုမှုမှတ်တမ်းများနှင့် ယုံကြည် စိတ်ချရသော မီဒီယာများ၏ ဖော်ပြချက်များအရ သြဂုတ်လ ၆ ရက်နေ့တွင် ရိုဟင်ဂျာလူမျိုးအများစုနေထိုင်ရာ မောင်တောမြို့နယ်ရှိ နတ်မြစ်ကမ်းပါးကို AA မှ ဒရုန်းများဖြင့် တိုက်ခိုက်ရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ် အများစုပါဝင်သည့် အနည်းဆုံး ရိုဟင်ဂျာဦးရေ ၂၀၀ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရကြောင်း၊ ယင်းအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် AA မှ မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာအရပ်သားများအပေါ် ပစ်မှတ်ထားသော ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၏ နောက်ဆုံးတိုက်ခိုက်မှုတစ်ခုပင် ဖြစ်ကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရိုဟင်ဂျာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၈ ဖွဲ့က လက်မှတ်ရေးထိုးထားပြီး ရိုဟင်ဂျာလူထုနှင့်အတူရပ်တည်သည့် တခြားအဖွဲ့အစည်း ၁၂၂ ဖွဲ့တို့က ထောက်ခံလက်မှတ်ရေးထိုးထားသော ပူးတွဲထုတ်ပြန်ကြေညာချက်ပါ အကြံပြုတိုက်တွန်းချက်များကို အရပ်ဘက်အဖွဲများက ထပ်မံတိုက်တွန်းတောင်းဆိုလိုက်သည်။

စစ်ပွဲများကြား နှစ်ဘက်လုံးသောစစ်တပ်များက ရိုဟင်ဂျာအရပ်သားများအပေါ် ပစ်မှတ်ထားသည့် ရက်စက် ကြမ်းကြုတ်မှုများကို ကျူးလွန်နေသည်ဖြစ်ရာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအရပ်သားများကို ချက်ချင်းအကာအကွယ် ပေးရန် အရေးတကြီး လိုအပ်နေကြောင်း၊ ရိုဟင်ဂျာအရပ်သားများ အကာအကွယ်ပေးရေး လုပ်ဆောင်မှုအားလုံးကို နိုင်ငံကတာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့်အညီ လမ်းညွှန်းထိန်းကြပ်၍ လုပ်ဆောင်ရမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။

လက်ရှိမြင့်မားလာနေသော ရက်စက်ကြမ်းကြုတ်မှုများတွင် ရိုဟင်ဂျာ အရပ်သားများကို အကာအကွယ်ပေးနိုင်ရေး ချက်ချင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ သေချာစွာ လုပ်ဆောင်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူရန် တိုက်တွန်းတောင်းဆိုသည်။

ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် မြန်မာစစ်ခေါင်းဆောင်များအပေါ် သမိုင်းဝင် နိုင်ငံတကာ တရားစီရင်ခွင့်အောက် တရားစွဲဆိုမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အားထုတ်ဆောင်ရွက်နေသော အာဂျင်တီးနား တရားစီရင်ရေး၏ ကြိုးပမ်းအားထုတ်မှုကို ဆက်လက်ချီးကျူးထောပနာပြုသကဲ့သို့ တရားရုံးမှ ဖမ်းဝရမ်း ထုတ်ပြန်ပေးရန် တောင်းဆိုသော အာဂျင်တီးနားတရားစွဲအရာရှိ၏ လျှောက်ထားချက်သည် မြန်မာစစ်တပ် လူပုဂ္ဂိုလ်များထက် ကျော်လွန်တောင်းဆိုထားသော်လည်း မြန်မာစစ်တပ်လူပုဂ္ဂိုလ်များအပေါ် ဖမ်းဝရမ်းထုတ် တောင်းဆိုမှုကို မိမိတို့က ထပ်လောင်းကြိုဆိုကြောင်း၊ ယင်းနိုင်ငံတကာဖမ်းဝရမ်းထုတ်ပြန်မှုက စစ်အုပ်စု၏ ကြောက်မက်ဖွယ် အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ခံစားနေရသည့် ရိုဟင်ဂျာများနှင့် မြန်မာပြည်သူများအား ၎င်းတို့အတွက် တရားမျှတမှု ရရှိနိုင်ကြောင်းနှင့် ရရှိမည်ဖြစ်ကြောင်းကို ပြသလိမ့်မည်ဖြစ်ကြောင်း ထောက်ပြကြသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တောင်းဆိုထားပြီးသည့်အတိုင်း တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ကို ထပ်တိုးနည်းလမ်းများ အတိအကျဆိုရလျှင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ICC သို့ လွှဲပြောင်းနိုင်ရန် ရောမစာချုပ် အပိုဒ် ၁၄ အရ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် အထူးခုံရုံးတစ်ခုဖွဲ့စည်းခြင်း မှတစ်ဆင့် ခိုင်မာသော လုပ်ဆောင်ချက်များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုသည်။

ယခုအချိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊​ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အောက်မှအထက်သို့စီးဆင်းသော ပြည်သူ့အုပ်ချုပ်ရေးများ အပါအဝင် မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသော ဒီမိုကရေစီအစုအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်တည်ဆောက်ရေးတွင် ရိုဟင်ဂျာများ ပါဝင်ရေးကို ခိုင်မာတိကျသော လုပ်ဆောင်ချက်များဖြင့် ထဲထဲဝင်ဝင် ဆောင်ရွက်ရမည့်အချိန် ဖြစ်ကြောင်း၊ ယင်းလုပ်ဆောင်ချက်များတွင် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးဖြစ်စဥ်များ၌ ရိုဟင်ဂျာလူထုအသိုင်းအဝိုင်းက တက်ကြွစွာပါဝင်နိုင်ရန် စစ်မှန် အဓိပ္ပါယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုများ မဖြစ်မနေ ပါဝင်ရမည်ဖြစ်ကြောင်း၊ ရှေ့သို့ချီတက်ရာတွင် ရိုဟင်ဂျာလူထုအသိုင်းအဝိုင်းများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်သာမက နိုင်ငံ၏ စုံလင်ကွဲပြားမှုကို အသိအမှတ်ပြု ထည့်သွင်းခြင်းနှင့် လူသားဆန်မှုအတွင်း ငြိမ်းချမ်းစွာ အတူတကွ ယှဥ်တွဲနေထိုင်ရေးသို့ ဆက်လက်ဦးတည်သွားမည်ဖြစ်ကာ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ တည်ဆောက်ရေးတွင်လည်း တစ်ဦးအတွက်တစ်ဦး ရပ်တည်ပေးသွားမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့ ၃ ခုက ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article