ရန်ကုန်၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ ရွာပေါင်း ၁၅ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၈ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ ကျေးရွာများကို အင်အား ၄၀၀ ခန့်ဖြင့် နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ဧပြီလ ၁၂ ရက်နေတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ခိုးယူခဲ့ကြောင်း သိရသည်။
ထို စစ်ကြောင်းသည် လက်ရှိချိန်တွင် လည်ငေါက်ရွာနှင့် သင်တည်းကန်ရွာတို့၌ အထိုင်ချတပ်စွဲထားပြီး လည်ငေါက်ကျေးရွာမှာ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မွန်းလွဲပိုင်းတွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးက ယင်းမာပင်မြို့နယ်တောင်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း လည်ငေါက်ရွာနှင့် တမာပင်ခွရွာအနီး ဝန်းကျင်ရှိ ကွင်းပြင်များထဲကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မနေ့က သင်္ကြန်အကြိုနေ့က ဂျိုင်ရိုကော့ပတာ ၃ စီးနဲ့ ဗုံး ၂ ကြိမ် ကျဲတာ ထိခိုက်မှုမရှိဘူးလို့ စုံစမ်းသိရှိရတယ်။ လည်ငေါက်ရွာနှင့် တမာပင်ခွရွာအနီး ဝန်းကျင်မှာလို့ ကြားရတယ်။ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်စဉ်က ယင်းမာပင်မြို့ထဲက ထွက်လာတဲ့ စစ်ခွေးတွေကို ဒီဘက်ကဝင်ဖြတ်တိုက်ရာမှာ စစ်ခွေးတွေက တောင်ဘက်က လည်ငေါက်ရွာကနေ ပြန်ထွက်လာပြီးဝိုင်းထားခံရသလိုဖြစ်ပြီး အဲ့ဒီနောက် လေကြောင်းပါ လုပ်သွားလို့ ခံလိုက်ရတာလို့ ကြားတယ်။ လည်ငေါက်ရွာ တပ်စွဲထားတဲ့ခွေးတွေကတော့ ရွာထဲက နေအိမ်တွေကို မီးရှို့တာ ရွာလုံးကျွတ် မီးထဲပါတာများမယ်လို့ ခန့်မှန်းနေကြတယ်။ စစ်ခွေးတွေရှိနေတော့ အတိအကျ မသိရသေးဘူး။ လည်ငေါက်ရွာနှင့် ပုလဲနယ်ကနေလာတဲ့ စစ်ကြောင်း နှစ်ခုပေါင်းရင် အင်အား ၄၀၀ လောက် ခန့်မှန်းတယ်။ လည်ငေါက်ရွာနှင့် သင်တည်းကန်ရွာ နေရာနှစ်နေရာမှာ ထိုင်နေတယ်။ ပုလဲနှင့် ယင်းမာပင်ကြားက လည်ငေါက်ရွာ၊ လက်တောင်းငယ်ရွာ၊ သရက်ကန်ရွာ၊ မကျည်းကန်ရွာ၊ ကုက္ကိုစုရွာ၊ လက်တောင်းကြီးရွာတွေအပါအဝင် တမာပင်ခွရွာ ၁၂ ရွာစုရွာတွေထဲက ပြည်သူသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်ရှိ လည်ငေါက်၊ လက်တောင်းငယ်၊ သရက်ကန်၊ မကျည်းကန်၊ ကုက္ကိုစု၊ လက်တောင်းကြီးကျေးရွာများအပြင် တမာပင်ခွ (၁၂ ရွာစု) အတွင်းရှိ မင်းကံသိုက်၊ မင်းကံကြီးတောင်ရွာ၊ မင်းကံကြီးမြောက်ရွာ၊ ပေပင်စု၊ ညောင်ပင်ကြီးစု၊ မကျည်းပင်စု၊ သီးကုန်း၊ သဲကုန်းနှင့် ဈေးစုရပ် စသည့်ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၁၂ ရက်နေ့ကလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးအနက် ၂ စီးသည် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ငါးမောင်းကျေးရွာရှိ စာသင်ကျောင်းအနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင်နှင့် ကားများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ် စစ်ကြောင်းက ညအချိန်ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)





