26.8 C
Yangon

ရွှေကျင်မြို့နယ်၊ လက်ယက်စခန်းသို့ စစ်ကူပေးရန် လာသော စစ်တပ် စစ်ကြောင်းနှင့် စခန်းစွန့်ခွာသွားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၄

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ လက်ယက်စခန်းသို့ စစ်ကူပေးရန် လာသော စစ်တပ် စစ်ကြောင်းနှင့် စခန်းစွန့်ခွာသွားသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ပြီး ရွှေကျင်မြို့နယ်အတွင်းရှိ လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း)ကို တော်လှန်ရေး တပ်ဖွဲ့များက စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ယက်စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးရှိကြောင်း သိရသည်။

ထိုစခန်းသိမ်း တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်သို့ စစ်ကူပေးရန် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းများနှင့် စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း MA-1 သေနတ် ၃ လက်၊ MA-11 သေနတ် ၄ လက်၊ MA-4 သေနတ် ၁ လက်၊ ၅.၅၆ (ကပစ) ကျည် ၇၉၆ တောင့်၊ စက်လက်ကျည် ၆၀၀ တောင့်၊ RPG ဗုံး ၈ လုံး၊ RPG ပို့ယမ်း ၆ တောင့်၊ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ အီနာဂါ ၁ လုံး၊ နင်းမိုင်း ၁၅ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ကပ်သီး ၅ ခု၊ မီးကြိုးခွေ ၁ ခွေ၊ MA11 ကျည်ဘောက် ၇ ဘောက်၊ ကျည်ကာဦးထုပ် ၇ လုံး၊ ကျည်ကာ ၅ စုံ၊ လွယ်အိတ် ၁၀ လုံး၊ ဆေးအိတ် ၁ လုံး၊ Jammer အကြီး ၂ လုံး၊ မီးစက် ၂ လုံးနှင့် အင်ဗာတာ ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှု​အောက်ရှိ အမှတ် (၅၁၀၁) တပ်ရင်း၊ အမှတ် (၅၁၀၂) တပ်ရင်းနှင့် အမှတ် (၅၁၀၃) တပ်ရင်းတို့ပါဝင်ခဲ့ပြီး အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့က ပူး​ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း) ကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် တော်လှန်ရေး ရဲဘော်များက ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်လွှင့်တင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article