29 C
Yangon

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို ဖမ်းဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စစ်ဆင်ရေး နယ်မြေအတွင်း နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဥ် သစ်ခိုးထုတ်နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ခိုးထုတ်နေသူများသည် ဂမုန်းကြိုးဝိုင်းအတွင်း ကျွန်းနုပင်များကို ခုတ်ယူ သယ်ဆောင်နေခြင်းဖြစ်ပြီး ကျွန်းနုပင် ၆.၈ တန်ကို သိမ်းဆည်း၍ ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိ​ပေး​ကာ ပြန်လည်လွတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

PDF တပ်ဖွဲ့က ပြန်လည် လွတ်ပေးလိုက်သူများသည် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ် ၅၆ နှင့် ၅၇ မှ ကျွန်းနုပင် ၁၅ ကုဗကို ခုတ်ယူခဲ့ကြ၍ သတိပေးကာ ပြန်လည် လွတ်ပေးခဲ့ကြသူများဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာခြင်း မရှိကြသူများဖြစ်ကြောင်း သိရသည်။

“အခုကာလက ရွာတွေ မြို့တွေမှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရိုးမပေါ်တက်လုပ်စားကြတာကို ကျွန်တော်တို့က ပြည်သူကိုငဲ့ကွင်ပြီး ရိုးမထဲသွားလာခွင့်မပိတ်ဘဲနဲ့ ကျွန်းနုပင်မခုတ်ဖို့ဘဲ သတိပေးနေတာ အခုကကျွန်းနုပင်မခုတ်ဖို့ သတိပေးတာကို မလိုက်နာဘဲ ခိုးထုတ်တာဆက်လက်လုပ်ဆောင်လာနေတယ်။ အခု သတင်းထုတ်ပြန်မှုလုပ်ဆောင်ပြီးရင် ဆက်လက် စောင်ကြည့်ပြီး ပိုဆိုးရွားလာရင် သစ်ခုတ်တာလုံးဝခွင့်ပြုမှာမဟုတ်တော့ပါဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုသည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများကိုလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များကို ခိုးထုတ်မှု လုံးဝ(လုံးဝ) မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များကို ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article