ရန်ကုန်၊ စက်တင်ဘာ ၂
ပဲခူးတိုင်း၊မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်တပ် ထောင်ထားသော မိုင်းနှင့် လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဩဂုတ်လ ၂၇ ရက်နေ့တွင် မူးမြို့နယ်၊ လည်ပတ်ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ ၃၅၁ တပ်ရင်းက ကျွဲနွားကျောင်းသည့် ပရဲစီရွာသား အသက် ၄၅ နှစ် အရွယ် စောကော်လာသူးနှင့် ရေလဲရွာသား အသက် ၅၂ နှစ်အရွယ် ဦးသန်းထွန်းလင်းတို့ ၂ ဦးကို အကြောင်းမဲ့ဖမ်းဆီးပြီး နွား ၂ ကောင်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
ဩဂုတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၉ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ရာ ပေါက်ဇလုတ် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ဇလုတ်ရွာသား အသက် ၆၄ နှစ်အရွယ် ဦးမြင့်ငွေ ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ကျွန်းကုန်းညောင်ခြေထောက်ကျေးရွာနေ အသက် ၁၈ နှစ် အရွယ်မောင်ပြည့်ဖြိုးထက်၏ ခြေခြင်းဝတ် နှစ်ဖက်လုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁ ရက်နေ့တွင် လိပ်ပေါရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၀၆ ဖြူးတပ်ရင်းက ပြည်သူပိုင် ဆန်များ နှင့် မြေဩဇာများ၊ အခြားအသုံး အဆောင်များ အတင်း အဓမ္မ သိမ်းယူခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာကြီးအင်းရွာသား အသက် ၄၀ နှစ်အရွယ် မောင်မျိုးထွေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာကြီးအင်းကျေးရွာ နိုကလော် ကျေးရွာ နှင့် တောင်စုကျေးရွာရှိ ပြည်သူလူထုများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေလျက်ရှိကြောင်း KNU ဗဟိုကပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar