26 C
Yangon

စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာသား ၂၃၄ ဦးကို စစ်ကောင်စီက AA ဖြင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ အစုလိုက်အပြုံလိုက် ချမှတ်

Must read

စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာသား ၂၃၄ ဦးကို စစ်ကောင်စီက AA ဖြင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ အစုလိုက်အပြုံလိုက် ချမှတ်

ရန်ကုန်| စက်တင်ဘာ ၉

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ဗျိုင်းဖြူကျေးရွာသား ၂၃၄ ဦးကို အာရက္ခတပ်တော် AA နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် အာဏာသိမ်း စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့က ၁၄၁ ဦးနှင့် ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က ၉၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့သည် အင်အားအလုံးအရင်းဖြင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုမကျန် လက်နောက်ပြန်ကြိုးတုပ်ပြီး နေပူလှမ်းကာ အပြစ်မဲ့အရပ်သား ၃၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။

ယင်းအထဲက ၂၃၄ ဦးမှာ စစ်ကောင်စီ၏ မတရားထောင်ချခြင်းကို ခံထားရကာ မေလ ၂၉ ရက်နှင့် ဇွန်လ ပထမအပတ်အတွင်း အပြစ်မဲ့အရပ်သား ၁၀၀ ခန့်ကိုလည်း စစ်ကောင်စီပူးပေါင်းအဖွဲ့က အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ဗျိုင်းဖြူရွာသားတစ်ဦးက “ဘယ်သူမှ မလွတ်ပါဘူး။ ထောင်ချခံရတော့ အရမ်းစိတ်ဓာတ်ကျသွားတယ်။ အပြင်ကလူရော ထောင်ထဲက လူရော ၃ နှစ်ဆိုတဲ့ကာလကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မတွေးတတ်ကြတော့ဘူး။” ဟု ပြောသည်။

ဗျိုင်းဖြူရွာသားများမှာ အာရက္ခတပ်တော် AA နှင့် အဆက်အသွယ်မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီက မတရားသဖြင့် တရားစွဲထောင်ချခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ဗျိုင်းဖြူရွာသားအမှုမှာ ပြီးပြတ်သွားပြီဟု သိရသည်။

ထောင်ချခံရသည့်အထဲပါဝင်သူ မိသားစုဝင်တစ်ဦးက စစ်ကောင်စီမှ မတရားသဖြင့် ထောင်ချခြင်းအပေါ် ယခုလို ပြောဆိုထားသည်။

“၃ နှစ်ဆိုတဲ့ အတိုင်းတာက ကျမတို့အတွက်တော့ နည်းတဲ့ အချိန်မဟုတ်ပါဘူး။ အိမ်ထောင်ဦးစီးတွေ အဖမ်းခံရပြီး ထောင်ချခံရတယ်။ ကျန်တဲ့ မိသားစုဝင်တွေက စစ်ဘေးရှောင်အဖြစ်နဲ့ အဆင်ပြေတဲ့နေရာမှာ ခိုကပ်စားသောက်နေရတဲ့ အချိန် ထောင်ဝင်သွားတွေ့နိုင်တဲ့ အခြေနေလည်းမရှိပါဘူး။ နေစရာစားစရာမဲ့ရတဲ့အပြင် အခုလိုအဖြစ်မျိုးတွေပါ ထပ်ကြုံရတော့ အရမ်းစိတ်မကောင်းဖြစ်ကြရပါတယ်” ဟု ပြောသည်။

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရခိုင်လက်နက်ကိုင်အဖွဲ့ ALP နှင့် စစ်ကောင်စီ သင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်အချို့လည်း ပါဝင်ကျူးလွန်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဗျိုင်းဖြူရွာသားများအား ဖမ်းဆီးနေချိန်အတွင်း အမျိုးသားနှင့် အမျိုးသမီးကို ခွဲထုတ်ကာ အဆိုပါ အမျိုးသမီးများထဲမှ အသက် ၁၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင်များက ပြောဆိုထားကြသည်။

ဗျိုင်းဖြူကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီသည် အပြစ်မဲ့အရပ်သားများအပေါ် မတရားအနိုင်ကျင့်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အစုလိုက်အပြုံလိုက် မတရားသတ်ဖြတ်တို့ကို ကျူးလွန်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အရပ်ဘက်အဖွဲ့အစည်း အများအပြားက ထုတ်ပြန်ပြောဆိုထားကြသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article