24.8 C
Yangon

ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေ ၅ ပေခွဲဝန်းကျင် မြင့်တက်နေပြီး ပြည်သူများ ရေဘေးဒုက္ခကြုံနေရကာ ကူညီကယ်ဆယ်ရေးများ အရေးပေါ် လိုအပ်နေ၊ ပြည်သူအချင်းချင်းသာ အဓိက ကူညီနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းတွင် သံလွင်မြစ်ရေက ၅ ပေခွဲဝန်းကျင် မြင့်တက်နေပြီး ပြည်သူများ ရေဘေးဒုက္ခကြုံနေရကာ ကူညီကယ်ဆယ်ရေးများ အရေးပေါ် လိုအပ်နေကြောင်း၊ လက်ရှိတွင် ပြည်သူအချင်းချင်းသာ အဓိက ကူညီနေရကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး သံလွင်မြစ်ရေသည် နေ့စဉ် မြင့်တက်လျက်ရှိရာ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ တွင် ဘားအံမြို့နယ်၏ စိုးရိမ်ရေအမှတ် အထက်သို့ ၅ ပေခွဲ မြင့်တက်နေကြောင်း၊ ယင်းမြစ်ရေသည် လာမည့် ၁ ရက်အတွင်း ၂ ပေခန့် ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ဘားအံမြို့အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေများ နစ်မြုပ်နေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း၊ လတ်တလောအချိန်အထိ မည်သည့် ကယ်ဆယ်ရေးမှ လာရောက်ခြင်းမရှိဘဲ ပြည်သူများအချင်းချင်းကူညီနေရကြောင်း၊ ဘားအံမြို့ပေါ်တွင် အမှတ် ၁ ရပ်ကွက် မိုးလုံ လေလုံ အားကစားရုံအတွင်း ရေဘေးကူညီရေစခန်း ဖွင့်လှစ်ထားကြောင်း၊ ရေဘေးသင့်ပြည်သူအရေအတွက် များပြားလာသဖြင့် အထက်တန်းကျောင်းတွင်လည်း ရေဘေးကူညီရေးစခန်း ထပ်မံ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

“မိုးမရွာတာတောင် ရေက တိုးပြီးရင်း တိုးပဲ။ ရေဘေးဒုက္ခသည်အရေအတွက်ကလေ လောလောဆယ်အထိ သိထားရသလောက်က နေရာမရတဲ့သူတောင် မိသားစု ရာဂဏန်းကျော်ရှိနေတယ်။ ရေက ဆက်တိုးနေတယ်။ ဘယ်သူမှလည်း ကူညီကယ်ဆယ်ရေး လုပ်ပေးနိုင်စွမ်းတွေ နည်းနေတယ် ။ အဓိကက ပြည်သူချင်းပြည်သူတွေဘဲ ကူညီနေကြတာ။ ရေက ဆက်တက်မယ့် အနေအထားမှာရှိတယ်။ ဘားအံအပြင် ဘားအံမြို့နယ်တွေဘက်မှာလည်း ကူညီပေးမယ့်သူတွေမရှိသလောက်ပဲ။ မြို့ပြင် ဘက်တွေအထိ သွားနိုင်တဲ့သူ နည်းသွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးအတွက် စစ်ကောင်စီက ဆောင်ရွက်ပေးခြင်းမရှိဘဲ တိတ်ဆိတ်နေကြောင်း၊ အဓိကအားဖြင့် ပရဟိတအဖွဲ့များနှင့် ပြည်သူများက စုစည်း၍ ရေဘေးသင့် ပြည်သူများကို ကူညီနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း ဘားအံမြို့အတွင်း သံလွင်မြစ်ရေများ တက်လာနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article