တစ်နိုင်ငံလုံး ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချို၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေယာဉ်ဖြင့် ဗုံးကျဲ
ရန်ကုန်၊ စက်တင်ဘာ ၁၄
မြန်မာနိုင်ငံတစ်ဝန်းတွင် ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့နယ်၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေ ယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတင်းရင်းမြစ်များ၏ ပြောဆိုချက်နှင့် TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်ထိ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်းသို့ လေကြောင်းမှတစ်ဆင့် ထပ်ခါ ထပ်ခါ လာရောက်ပစ်ခတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့ကြောင်း၊ စစ်ကောင်စီက ယမန်နေ့ တစ်နေ့လုံး လေကြောင်းမှ ဗုံး ၁၃ လုံး ကျဲချခဲ့ကြောင်း ၊ စက်တင်ဘာလ ၆ ရက်နေ့တွင် နမ့်ခမ်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ကျဲချမှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြိုများဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြိုတို့ တွင် အရပ်သားပစ်မှတ်များကို ဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင် ၅၀၀ ဗုံးများဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း TNLA က ပြော ဆိုသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ၆ မိနစ်အချိန် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးများ လာရောက် ကျဲချသွားကြောင်း၊ လက်ရှိအချိန်အထိ ဗုံးကျဲမှုကြောင့် အထိအခိုက်အပျက်အစီး အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ကရင် ပြည် နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော် မြို့သစ်နှင့် ထီးမယ်ဝါးခီကျေးရွာကို စစ် တပ်က လေယာဉ်များဖြင့် ဗုံးများကျဲချသွားခဲ့ကြောင်း၊ လတ်တလော အထိ အခိုက်အပျက်အစီး အခြေအနေမသိရှိရသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- TNLA က ထုတ်ပြန်ထားသော နောင်ချိုမြို့နယ်ကို ယမန်နေ့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသည့်မြင်ကွင်းများ။