ရန်ကုန်၊ မေ ၇
အကြမ်းဖက် ရာဇဝတ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်မိတ်ဆက်ခဲ့သည့် MRTV Application နှင့် Website ကို မည်သည့်အဖွဲ့အစည်းကမှ ဖြုတ်ချနိုင်ခြင်းမရှိဘဲ ပြင်ဆင်ဆောင်ရွက်နေသဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်လွှင့်မှု ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်သည်။
မေလ ၆ ရက်နေ့ စစ်ကောင်စီ၏ ဝါဒဖြန့် MRTV သတင်းတွင် မင်းအောင်လှိုင်ကိုယ်တိုင်ဖွင့်လှစ်ခဲ့သည့် MRTV Application နှင့် Website ကို ဟက်ကာ ၄၃ ခုက ဝင်ရောက်တိုက်ခိုက်သဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ယာယီ ဆိုင်းငံ့ထားကြောင်း၊ မည်သည့်အဖွဲ့အစည်းကမှ MRTV Application နှင့် Website ကို ဖယ်ရှားနိုင်ခြင်း၊ ဖြုတ်ချနိုင်ခြင်းမရှိသည်ကို ပြည်သူများကို အသိပေးလိုကြောင်း၊ ပြန်လည် ထုတ်လွှင့်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း လိမ်လည် သတင်းထုတ်ပြန်သည်။
စစ်တပ်၏ ဝါဒဖြန့် MRTV Application နှင့် Website ကို မေလ ၄ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပြီး မေလ ၅ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီ US developer Apps Web Social က MRTV ၏ Application များကို Apple App store နှင့် Google play store ပလပ်ဖောင်းများမှ ဖယ်ရှားခဲ့ပြီး မေလ ၆ ရက်နေ့တွင် MRTV Website ကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
MRTV သည် သတင်းအမှားများ၊ အမုန်းစကားများကို အသုံးပြု၍ ပြည်သူများအပေါ် စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေသော မြန်မာစစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားတစ်ခုဖြစ်ပြီး ဖြုတ်ချခံလိုက်ရသောMRTV Website – mrtvmedia.com Website ကို အမေရိကန်အခြေစိုက် GoDaddy.com ကုမ္ပဏီက ဖန်တီးပေးခဲ့ခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ- မေလ ၄ ရက်နေ့ MRTV Application နှင့် Website မိတ်ဆက်သည့် အခမ်းအနား မင်းအောင်လှိုင် တက်ရောက်နေစဉ်။