26 C
Yangon

မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ နေအိမ် ၁၁ လုံးကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီး

Must read

မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ နေအိမ် ၁၁ လုံးကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၅

ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ် ၁၁ လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်းနှင့် ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မင်းတပ်မြို့ အနောက်ရပ်ကွက်၊ လှေ့ကောင်းလမ်းခွဲရှိ လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခဲ့သော လှေ့ကောင်းလမ်းခွဲမှ နေအိမ်များသည် မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် နေထိုင်ကင်းစောင့်ရင်း မူးရူးသောက်စားနေသော နေအိမ်များ ဖြစ်ကြောင်း၊ လှေ့ကောင်းလမ်းခွဲတွင် နေအိမ် ၁၀ လုံးကျာ်ရှိပြီး ခလရ ၂၇၄ မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၂၂ ရက်နေ့ကလည်း မင်းတပ်မြို့၊ အနောက်ရပ်ကွက်၊ ကွက်စိပ် ၄ ရှိ လူနေအိမ် ၆ လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများသည် နေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် မြို့ခံအချို့ကို ဖမ်းဆီးမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်မှ အသက် ၄၀ ၀န်းကျင် အမျိုးသား ၃ ဦးကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ပိုင်းလောက်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခလရ ၂၇၄ တပ်ရင်းထဲကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

မင်းတပ်မြို့နယ်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့ပေါ်ရှိ စစ်တပ်ကိုလည်း ခဲယမ်း ရိက္ခာများ ဖြည့်ဆည်းမှုရှိကြောင်း၊ မင်းတပ်မြို့နယ်ကို စက်တင်ဘာလ အတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့နှင့် သဘာဝပတ် ဝန်းကျင်များ ပျက်စီးမှု ရှိကြောင်း သိရသည်။

မင်းတပ်မြို့၊ တိုက်နယ် ၃ ကို စစ်ကောင်စီက စက်တင်ဘာ ၉ ရက်နေ့ နံနက် ၆ နာရီကျော်တွင် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တိုက်နယ်၂ ရှိ ကျေးရွာတစ်ရွာ အနီးကိုလည်း စက်တင်ဘာ ၇ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့နယ် တိုက်နယ် (၄) ဘက်မှ ကျေးရွာတစ်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် မင်းတပ်မြို့နယ် အနောက်ခြမ်း ၆ မိုင်ကုန်းကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ တပ်ရင်းများကို တစ်လတစ်ခါ လေကြောင်းဖြင့် ရိက္ခာချပေးမှုများ လုပ်ဆောင်ခဲ့ပြီး သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်း ၉ ရက်အတွင်းတွင် အနည်းဆုံး ခဲယမ်း ရိက္ခာ ၄ ကြိမ်ချပေးခဲ့ကြောင်း၊ ဩဂုတ်လ ၂၈ ရက်၊ ၃၁ ရက်နှင့် စက်တင်ဘာလ ၃ ရက်နေ့တို့ကလည်း စစ်ကောင်စီက Y-12 ကုန်တင်ယာဥ်ဖြင့် ခဲယမ်း၊ မီးကျောက်၊ ဆေးလိပ် ၊ စားသောက်ကုန် ရိက္ခာများ ချပေးခဲ့ကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article