27 C
Yangon

နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်းနှင့် စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ၏ သား၊ တူနှင့်ဆွေမျိုးများကို နားလည်မှုဖြင့် စစ်မှုထမ်း ကင်းလွတ်ခွင့်ပြု

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်းနှင့် စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ သား၊ တူနှင့်ဆွေမျိုးများကို စစ်ကောင်စီက နားလည်မှုဖြင့် စစ်မှုထမ်းကင်း လွတ်ခွင့်ပြုထားကြောင်း ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနှစ် ဧပြီလမှစတင်ပြီး စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားစုဆောင်းရာတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသည် အခြေခံ အကျဆုံး အကောင်အထည်ဖော်ရသည့် ယန္တရားဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် စစ်သားများ ဆင့်ခေါ်ရာတွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိက အကျဆုံးဖြစ်သဖြင့် ၎င်းတို့၏ သား၊ တူများကို စစ်မှုထမ်းခွင့် ယာယီအားဖြင့် ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ထိုသို့ ကင်းလွတ်ခွင့်ပြုထားခြင်းသည် ယာယီသဘောဖြစ်သော်လည်း နောင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေပြဋ္ဌာန်းပြီးပါက တပ်သားသစ် စုဆောင်းရေး ဆောင်ရွက်ပေးသူများ၏ သား၊ တူများကို ခြွင်းချက်ဖြင့် ကင်းလွတ်ခွင့်လျှောက်ထားနိုင်သည့် အခြေအနေ ရှိနိုင်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

“အခုကတော့ တိုင်း၊ ခရိုင်၊ မြို့နယ် နားလည်မှုနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်/ကျေးအဖွဲ့ဝင်တွေရဲ့ သား၊ တူ၊ ဆွေမျိုးတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ပေးထားတာမျိုးရှိတယ်။ ရပ်/ကျေးဆိုတာက သူတို့ ပူးပေါင်းမှုမရှိဘဲ ဘယ်လိုမှ စစ်မှုထမ်း ဆင့်ခေါ်ဖို့ ခက်ခဲမှုတွေ ရှိမှာပဲ။ သူတို့က အခြေခံအကျဆုံး အကောင်အထည်ဖော်ပေးနေသူ ဖြစ်နေတာမလို့ နားလည်မှုနဲ့ ကင်းလွတ်ခွင့်ပေးထားတာမျိုးရှိတယ်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပြဋ္ဌာန်းပြီးရင်တော့ သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် လုပ်ပိုင်ခွင့်တွေ ပေးထားတာရှိတော့ အဲဒီထောက်ခံ ချက်နဲ့ ဗဟိုမှာ စစ်မှုထမ်းကင်းလွတ်ခွင့် လျှောက်ထားလို့ရနိုင်ပါတယ်”ဟု ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်မှုထမ်း ဆင့်ခေါ်မှုများနှင့်ပတ်သက်၍ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၏ ငွေကြေးကောက်ခံမှု တိုင်ကြားမှုများ စစ်ကောင်စီထံသို့ ရောက်ရှိသော်လည်း လတ်တလော ကာလသည် အရေးပေါ်ကာလ ဖြစ်ခြင်း၊ အင်အား လိုအပ်နေခြင်း၊ ကနဦးကာလ လေ့လာသင်ယူနေရခြင်းများကြောင့် အရေးယူမှု တစ်စုံတစ်ရာ မလုပ်ဆောင်ဘဲ သတိပေးတားမြစ်မှုများသာ လုပ်ဆောင်နေကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းဥပဒေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်လူငယ်များကို စစ်သားအဖြစ် စုဆောင်းဆင့်ခေါ်ရာတွင် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့်စစ်တပ်က ငွေကြေးများ အတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ လစဉ်လတိုင်း အတင်းအကျပ် ငွေကြေးထည့်ဝင်စေခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုနှစ်၊ မတ်လအတွင်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို စစ်တပ်က ပြုလုပ်စဉ် တက်ရောက် လာကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article