ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ပြီးနောက် ပြန်လာသည့် စစ်ကား ၆ စီးကို ယနေ့ မေလ ၇ ရက်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်တွင် ခင်ဦး-ရေဦး ကားလမ်း ကံသစ်မူးဘောင် တံတားနှင့် ဂွေးကုန်းကျေးရွာ အကြား ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးကာ ၃ ပွင့်ဗိုလ် အပါအဝင် စစ်သား ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်း စစ်ကား ၆ စီးပါသော စစ်ယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် စစ်ကား ၁ စီး မိုင်းထိမှန်ပျက်စီးသွားကာ သေဆုံးသွားသော စစ်သား ၅ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိခဲ့သော ၃ ပွင့်ဗိုလ် အပါအဝင် စစ်သား ၁၅ ဦးကို ရွှေဘိုသို့ ပို့ဆောင်သည်ဟု သိရှိရကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရသော စစ်ကြောင်းသည် မေလ ၆ ရက်နေ့၌ တဲစုကျေးရွာတွင် ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများလည်း ခိုးယူခဲ့ကြောင်း၊ ကင်းပြစ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း မြင်းခြံနှင့် တောင်သာမြို့ရှိ ပြောင်းပြာတံတား၊ ခရိုင်တရားရုံးနှင့် ယာဉ်ထိန်းရုံးကြား၊ တောင်သာမြို့ အထွက် စစ်တပ် ကင်းတဲတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မေလ ၆ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ နေရာများကို ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့ ၄ဖွဲ့ဖြစ်သည့် -မြေလတ်-PDF MGN District၊ Seven People Defense Force၊ 27 Revolution Force နှင့် TTA ပြောက်ကျားတပ်ဖွဲ့တို့ ပူပေါင်းကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ရေရှင်းကုန်းနား အဝင်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ခြုံခိုတိုက်ခိုက်ခံရပြီးအကြမ်းဖက် စစ်ကောင်စီဝင် ၂၀ ဦးခန့် ကျဆုံးကြောင်း ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“မနက် ၈ နာရီ ၁၀ မိနစ်က ရေရှင်ကုန်းရွာ အနောက်ဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထွက်လာတဲ့အချိန် တန့်ဆည် PDF တပ်ရင်း ၆,၇,၈ ရယ်၊ TPC အဖွဲ့ရယ်၊ ပ.က.ဖ တွေရယ် ပူးပေါင်းတိုက်ခိုက်တာ ။ တိုက်ပွဲက နာရီဝက်နီးပါး ကြာတယ်။ သူတို့ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခြုံခိုတိုက်တာ အလစ်ငိုက်မိပြီး ၂၀လောက်ကတော့ သေချာတယ်လို့ ပြောတယ်”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီဝင်များသည် လက်ဆည်ရွာနှင့် အင်တောရိုးရွာများသို့ မီးရှို့ပြီး ရေရှင်ကုန်းဘက်သို့ စစ်ကြောင်းထိုးလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
“တပ်ရင်းကတော့ ခမရ ၃၆၇ လို့ ပြောကြတယ်။ ခမရ ၃၆၇ က တန့်ဆည်မြို့နယ် အရှေ့ခြမ်းကာပေါင်းကျရွာတို့ ၊ ပုတီးရွာတို့ကိုလည်း မီးရှို့ခဲ့တဲ့ အဖွဲ့ပဲ။ သူတို့က ဖောင်းပြင်အခြေစိုက်လေ။ ခြုံခိုတိုက်ခိုက်ခံရပြီး ၉ နာရီခွဲလောက်မှာ ရေရှင်ကုန်းရွာကို မီးရှို့တယ်လို့ ကြားပါတယ်။ လောလောဆယ်တော့ သူတို့မြေခုရွာကို မီးရှို့နေပါတယ်” ဟု ဒေသသတင်းရင်းမြစ်ထံမှာ သိရှိရသည်။
တိုက်ခိုက်မှုတွင် ပြည်သူ့ဘက်တော်သား တပ်ဖွဲ့များအကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် နှောကုန်းရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရေတံခါး အနီး တူးမြောင်းဘောင်ပေါ်တွင် YFC (ပကဖ ရေဦး)အဖွဲ့နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များမှ မိုင်း ၄လုံးဖြင့် ဖောက်ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် မသိရသေးကြောင်း YFC (ပကဖ ရေဦး)အဖွဲ့မှ ထုတ်ပြန်ထားသည်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်မောရဝတီရေတပ်စခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီကားတစ်စီး မေလ ၇ ရက်နေ့ မိုင်းဆွဲခံရကြောင်း၊ ကလိန်အောင်အမှတ်(၂)တံတားအနီး ယနေ့ မနက်၇နာရီခွဲ ဝန်းကျင်အချိန် မိုင်းဆွဲခံရကြောင်း၊ ကားမှန်များကွဲသွားပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“ပေါက်ကွဲသံကတော့ အတော်ကျယ်တယ်။ အစစ်ဆေးတွေ ဒီထက်ပိုကြပ်လာဦးမယ်ထင်တယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။
မိုင်းဆွဲခံရပြီးနာရီပိုင်းအကြာမှာ စစ်ကောင်စီက ကလိန်အောင်ကံပေါက်လမ်းကို ပိတ်ထားပြီး အင်အားအများအပြားဖြင့် တောနင်းရှာဖွေမှုများလုပ်ဆောင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်)
Photo- အီးပီအေ။