32 C
Yangon

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ် နှင့် ၃၀ မိနစ် တို့တွင် အကြမ်းဖက် စစ်တပ်က ဆိုင်းတောင်ရွာရှိ ရပ်ကွက် ၃ နှင့် ကျောက်သွေးတောင်ဘက်ကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်နှင့် ၁၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆိုင်းတောင်ရွာထဲကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဖားကန့် တပ်မ ကုန်းမှ မွန်းလွဲ ၂ နာရီခန့်တွင် ပစ်ခတ်သော လက်နက်ကြီး စပေါ့ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ဒီညနေ ၃ နာရီ ၂၀ မိနစ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာ ၁ စီးက လာပြီးတော့ ဒီဆိုင်းတောင်ဘက်ကို ဗုံးကျဲသွားတယ်။ ပစ်လည်း ပစ်သွားတယ်။ ၂ ပတ်လှည့်သွားသွားတယ်။ နောက်ထပ် ၃ နာရီ ၃၀ မိနစ်မှာလည်း နောက်ထပ် ဂျက်ဖိုက်တာ ၁ စီးက ဆိုင်းတောင်ဘက်ခြမ်းကိုပဲ ရပ်ကွက် ၃ နဲ့ ကျောက်သွေးတောင်ဘက်ကို ဗုံးလည်းချသွားတယ် ပစ်လည်း ပစ်သွားတယ်။ တစ်ခါ ၁ စီးလာရင် ၂ ပတ် ပတ်သွားတာပေါ့။ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်။ ပြီးရင် ဆိုင်းတောင်မှာက အခုညနေထိ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ လက်နက်ကြီးသံတွေ ကြားရတယ်။ လက်နက်သံတွေကြားရတယ်။ ဒီနေ့ မနက်ပိုင်း ၁ နာရီ ၁၀ မိနစ်မှာ တစ်ခါ ၁ နာရီ ၁၅ မိနစ်မှာတစ်ခါ ဗုံးလာချသွားတာပေါ့ ၂ ခါလာပြီးတော့ ဒီနေ့ လေယာဉ်လာတာက ၄ ခါရှိပြီပေါ့။ ဒီညနေ ၃ နာရီ ခွဲဟာက ၂ စီးပြောတယ်။ ၂ စီးဆိုရင်တော့ ဒီနေ့ လေယာဉ်လာတာ ၅ စီးရှိပြီပေါ့။ လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတယ်။ စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးတွေက စပေါ့ရွာ ကျေးရွာဘက်လည်း ကျတယ်တဲ့ မွန်းလွဲ ၂ နာရီလောက်က တပ်မကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးက ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဆိုင်းတောင်ရွာထဲတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် KIA၊ KPDF တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး Lucky Man ဟိုတယ်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပိတ်မိနေပြီး ဆိုင်းတောင် အဝင်အထွက် လမ်းကြောင်းတွေကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ထားကြောင်း သိရသည်။

“ဆိုင်းတောင်မှာ တိုက်ပွဲဖြစ်နေတာ ၁၃ ရက်ရှိပြီပေါ့။ ဖားကန့် တပ်မ ကုန်းကလည်း ဆိုင်းတောင်ဘက်ကို လက်နက်ကြီးတွေပစ်ကူနေတယ်။ လောလောဆယ် Lucky Man ဟိုတယ်မှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေ ပိတ်ဆို့ ခံထားရတုန်းပေါ့။ KIA ၊ KPDF တွေက ဆိုင်းတောင် အဝင်အထွက် လမ်းကြောင်းတွေကို ပိတ်ထားတုန်း Lucky Man ဟိုတယ်က စစ်ခွေးတွေက ထွက်လို့မရသေးဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article