27 C
Yangon

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ၃ ရက် ဆက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ၃ ရက် ဆက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ဘန်းလမွတ်ကျေးရွာ၊ ကျောင်းကုန်းပိုင်းနှင့် ညောင်ပင်ကုန်းကျေးရွာတို့ကို ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ Zone Five တောဗုံးကြီး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နြေ နံနက် ၇ နာရီခန့်က တနင်္သာရီမြို့မှ အင်အား ၈၀ ခန့်ဖြင့် ဘန်းလမွတ် ကျေးရွာဘက်ကို ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဘန်းလမွတ်ကျေးရွာ ကျောင်းကုန်းပိုင်း အရောက်တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချပြီး ရှေ့ထွက်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် ကျောင်းကုန်းပိုင်းအနီးတဝိုက်တွင် စစ်သားအချို့ ချန် ထားခဲ့ပြီး ရှေ့ပွိုင့်စစ်သား ၂၀ ကျော်ခန့်က ၄၃၃ ဘုရားတောင်ဘက်သို့ ဆင်းလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရှေ့ပွိုင့်ဆင်းလာသော အကြမ်းဖက် စစ်သား ၂၀ ကျော်ကို ဇုံ -၅ တောဗုံးကြီးအဖွဲ့ မြေပြင်ရဲ ဘော်များက နံနက် ၉ နာရီအချိန်ခန့်တွင် စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ် ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သားများက ဘန်းလမွတ်ကျေးရွာနှင့် ရမ်းဖိုကျေးရွာကြားရှိ ညောင်ပင်ကုန်း ကျေးရွာထဲမှ နေအိမ်များကို ရိုက်ချိုးဖွင့်ကာ ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ညောင်ပင်ကုန်းကျေးရွာရှိ ပြည်သ်ပိုင်နေအိမ်များ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကျဲပြီး လက်နက်ငယ်ဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သည့်အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီ တပ် သား များက ကြောက်လန့်ကာ တစ်ညလုံးနီးပါး သေနတ်ငယ်များဖြင့် အကြိမ်ကြိမ် ရမ်းသမ်း ပစ်ခတ် ခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း စစ်သားများ တပ်စွဲထားသောနေရာများ အတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် တနင်္သာရီမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲ ၃ ရက်အတွင်း အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ Zone Five တောဗုံးကြီး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article