31 C
Yangon

ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ကန်တောင်ရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၃ ဦး သေဆုံး

Must read

ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ကန်တောင်ရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးတိုင်း၊ စဉ်ကူးမြို့နယ် ကန်တောင်ရွာအနီး သို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ထိုသို့ ကျဲချမှုကြောင့် ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စဉ့်ကူး၊ ကန်တောင်ကျေးရွာနားမှာ PDF တွေ အထိုင်ချထားတဲ့ စခန်းရှိတယ်။ အဲဒီကို လာကျဲတာထင်ပါတယ်။ ဒါပေမယ့် PDF နေရာမကျဘဲ ပြည်သူတွေ နေတဲ့ ကျတော့ ပြည်သူ ၃ ဦးသေဆုံးတယ်။ အခုနဲ့ဆိုရင် ဗုံးလာကျဲတာ ၃ ကြိမ်ရှိသွားပြီ။ ၁ လ တစ်ခါ လေယာဉ်နဲ့ လာပြီး ဗုံးကျဲလိုက် ပစ်ခတ်လိုက်နဲ့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာ ၁၇ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း၊ ကန့်လလူ၊ မလယ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်နေရာ နေ့စဉ်ရက်ဆက် တိုက်ပွဲ ပြင်းထန်နေသဖြင့် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ခုခံနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ပျူစောထီးများ စစ်မတိုက်ဘဲ ကြောက်လန့်၍ ထွက်ပြေးသောကြောင့် တံတားဦး မှ တက်လာသည့် Jet Fighter ဖြင့် နံနက် ၁၁ နာရီ ၁၆ မိနစ်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၁၇ မိနစ်တွင် ၁ ကြိမ် ဗုံးသီး ၂ လုံး ကျဲချပြီး ၁၁ နာရီ ၁၈ မိနစ်တွင် စက်လက်ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် တံတားဦးမှ ဒုတိယအကြိမ် တက်လာသည့် Jet Fighter ဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဗုံးသီး ၂ လုံး၊၁၁ နာရီ ၃၁ မိနစ်နှင့် ၃၅ မိနစ်တို့တွင် ဗုံးသီး ၂ လုံးထပ်မံ ကျဲချပြီး စက်လက်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူများ ပေး၍ တိုက်ခိုက်သော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၄ မိနစ်တွင် တံတားဦးမှ တတိယအကြိမ်တက်လာသည့် Jet Fighter ဖြင့် ၁ ကြိမ် ဗုံးသီးချပြီး မွန်းလွဲ ၁ နာရီ ၃၇ မိနစ်၊ ၃၈ မိနစ်နှင့် ၄၂ မိနစ်တို့တွင် Jet Fighter ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသည့် Jet Fighter ၁ စီးက ဗုံးသီးတစ်လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင်စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅၂ မိနစ်တွင် တံတားဦးမှ ဆဌမအကြိမ်မြောက် တက်လာသည့် Jet Fighter ဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးရွာ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်ဆီးမှု တချို့ရှိကြောင်း၊ ရေကြည်ဦးရွာသည် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မလယ်ရွာ ဘုန်းကြီး ကျောင်းဆောင်နှင့် ပြည်သူပိုင် နေအိမ် တချို့လည်း မီးလောင် ပျက်စီးခဲ့ကြောင်း၊ မလယ်ရွာတိုက်ပွဲသည် ဆက်လက် ပြင်းထန်နေ၍ ခရီးသွားပြည်သူများ လမ်းကြောင်း လုံခြုံရေးအတွက် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို တော်လှန်ရေး အင်အားစုများက စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ခေတ္တခဏ ယာယီပိတ်ထားပြီး အန္တရာယ်ကင်းစွာ သွားလာ၍ရချိန်၌ ပြန် လည်ဖြတ်သန်းခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကန့်ဘလူ မလယ်ကျေးရွာကတော့ လေယာဉ်နဲ့ ဗုံးကျဲခံနေရာ ခဏခဏပဲ။ အခုတော့ ပြည်သူတွေအားလုံး ထွက်ပြေးနေရတယ်။ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေလည်း တိုက်နေကြတုန်းပဲ” ဟုဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်၏ ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ ဘုန်းကြီးကျောင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article