ရန်ကုန်၊ မေ ၈
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကုလားမရွာနှင့် လက်ကောက်ကျရွာကို အကြမ်းဖက် စစ်တပ်က မေလ ၅ရက်နေ့က ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာ ဘုန်းကြီးကျောင်း အတွင်း၌ ပုန်းအောင်းနေသည့် အမျိုးသမီးများကို စစ်တပ်က ဖမ်းဆီးကာ ဝါးရင်းတုတ်ဖြင့် အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ကျေးရွာအတွင်းရှိ ပြည်သူအများအပြားသည် စစ်တပ် ရွာထဲဝင်ရောက်လာချိန်၌ ထွက်ပြေး တိမ်းရှောင်ကျသော်လည်း အသက်အရွယ်ကြီးရင့်သည့် အမျိုးသားများနှင့် အမျိုးသမီး အများစုတင် ရွာဘုန်းကြီးကျောင်း၌ ပုန်းခိုနေကြကြောင်း၊ ယင်းနောက် စစ်တပ်က ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်လာကာ အမျိုးသမီးများ အပါအဝင် ကျေးရွာသား ၂၀ ကျော်ကို ဝါးရင်းတုတ်ဖြင့် ရိုက်နှက် နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အလုံး ၁၅ဝ ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာလယ် လမ်းမတွင် လည်း မိုင်းများထောင်ထားခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိ စစ်တပ် သတင်းပေး ဒလန်များက ကျေးရွာအခြေအနေကို စောင့်ကြည့်နေကာ သတင်းပေးများရှိရာ နေအိမ်ဘက်ခြမ်းကို စစ်တပ်က မီးရှို့ခဲ့ခြင်း မရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
“ဖမ်းဆီးခံရတာက ပြည်သူ ၃ဝလောက်ရှိတယ်။ အမျိုးသမီးတွေ အများဆုံးဖမ်းခံရတာ ၂ဝ လောက်ရှိတယ်။ အမျိုးသမီးတွေကိုပါ စစ်တပ်က ဝါးရင်းတုတ်လိုမျိုး ဝါးဆစ်ပိတ်နဲ့ တော်တော်မာတယ်။ အဲဒါနဲ့ ၅ချက်လောက်ရိုက်တာ တုတ်တောင် ကျိုးထွက်တယ် အားကုန်လွှဲပြီး ရိုက်တာ တချို့ဆို ထတောင် မထနိုင်ဘူး။ စစ်တပ်က သူတို့ လက်နက်ကြီးကျည်တွေ သယ်ဖို့ ရွာသား ၁ဝ ယောက်လောက်ကိုလည်း ဖမ်းသွားတယ်။ သူတို့ဖမ်းသွားတဲ့ထဲက ၇ ဦးကို ပြန်လွှတ်လိုက်တယ်။ ၃ ဦးလောက်တော့ အခုထိ ပြန်မလွှတ်ပေးသေးဘူး။ ကုလားမရွာနဲ့ လက်ကောက်ရွာက ပြည်သူပိုင် နေအိမ် အလုံး ၁၅ဝ လောက်ကိုလည်း စစ်တပ်က မီးရှို့သွားတယ်။ ရွာထဲကို ပြည်သူအကုန်လုံးတော့ ပြန်မရောက်သေးဘူး။ ရွာလယ် လမ်းမမှာလည်း မိုင်းတွေထောင်သွားတယ်။ ကိုယ့် ပစ္စည်းကိုယ်ယူပြီးတော့ ရွာက ထွက်သွားတဲ့ သူတွေလည်းရှိနေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ကုလားမရွာနှင့် လက်ကောက်ကျရွာသည် ရွာချင်း ထိစပ်နေပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁ဝဝဝ ခန့်ရှိကြောင်း၊ စစ်တပ်က ကျေးရွာ ၂ ခုလုံးကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားကြောင်း သိရှိရသည်။