27 C
Yangon

ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသော သပိတ် ရဲဘော် ၄ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသော သပိတ် ရဲဘော် ၄ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန်မြို့တွင် စစ်အာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်ဆောင်ရွက်နေသည့် သပိတ်ရဲဘော် ၄ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ရန်ကုန်သပိတ် အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် တကသ ကျောင်းသားဟောင်းများ အင်အားစု၏ တွဲဖက်တည်ထောင်သူ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ် သပိတ်ကော်မတီ (YSC) ၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) ၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေး အကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ၄ ဦးတို့သည် မိသားစုနှင့် နောက်ဆုံး အဆက်အသွယ်ရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံလိုက်ရ သည်ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများဖြစ်ပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှု များဖြင့် စစ်ကြောမေးမြန်းခံနေရကြောင်း၊ စစ်ကောင်စီလက်အတွင်းရှိ ၎င်းတို့၏ အသက်အန္တရာယ် နှင့် ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲဘော်လေးဦးသည် မြန်မာပြည်တွင် ဆိတ်သုဥ်းနေသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီအရေးတို့အတွက် စစ်အာဏာရှင်ကို လူထု တိုက်ပွဲနည်းလမ်းဖြင့် ပြောင်မြောက်ရဲရင့်စွာ အံတုခဲ့ကြသည့် အရေးတော်ပုံတပ်သားများအဖြစ် မှတ် တမ်း တင်အပ်ပါကြောင်း တကသ ကျောင်းသားဟောင်းများ အင်အားစုက ထုတ်ပြန်ထားသည်။

တကသ ကျောင်းသားဟောင်းများ အင်အားစု အနေဖြင့် ရဲဘော်ရဲဘက်များ ဖမ်းဆီးခံရသော်လည်း နောက်ဆုတ်ကြောက်ရွံ့သွားမည် မဟုတ်ဘဲ ၎င်းရဲဘော်များ ကိုယ်စားအတွက်ပါ ပိုမို မြင့်မားထက် သန်သော ဇွဲလုံ့လတို့ဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article