27 C
Yangon

ရေဘေးကူညီရေးအတွက်ဟုဆိုကာ စစ်ကောင်စီက ဝန်ကြီးဌာနများကို အလှူငွေ တောင်းခံပြီး ဝန်ကြီးဌာနများက လူထုထံမှ ပြန်လည် ငွေညှစ်

Must read

ရေဘေးကူညီရေးအတွက်ဟုဆိုကာ စစ်ကောင်စီက ဝန်ကြီးဌာနများကို အလှူငွေ တောင်းခံပြီး ဝန်ကြီးဌာနများက လူထုထံမှ ပြန်လည် ငွေညှစ်

🟥 ရေဘေးကူညီ ရေးများတွင် နိုင်ငံရေးနှင့်စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ မရှိစေရေး ကြပ်မတ်ရန် စစ်ကောင်စီက အမိန့်ထုတ်

ရန်ကုန်၊စက်တင်ဘာ ၂၂

အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာနများအနေဖြင့် ရေဘေးသင့်ဒေသများကို ကူညီရန်အတွက် ဌာနအလိုက် အလှူငွေများ ပေးပို့ကြရန် ညွှန်ကြားထားရာ ဝန်ကြီးဌာနများကလည်း ပြည်သူများထံမှ ရေဘေးကူညီရေးဟုဆိုကာ ပြန် လည် ငွေညှစ်တောင်းခံမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားမှုကြောင့် ဝန်ကြီးဌာနများအလိုက် Non-CDM ဝန်ထမ်းများထံမှ ငွေအလှူခံခြင်း အပြင် ပြင်ပမှ ပြည်သူ လူထုနှင့် စီးပွားရေးအသိုင်းအ၀ိုင်းကိုပါ လိုက်လံ ငွေကြေးတောင်းခံ ငွေညှစ်နေကြကြောင်း၊ ဥပမာအားဖြင့် – ပြည်ထဲရေးဝန်ကြီးဌာနက အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနကို ရေဘေးကူညီရေးဟုဆိုကာ အလှူငွေ ကောက်ခံခိုင်းကြောင်း၊ ထို့ကြောင့် ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်ထွေ/အုပ်များက ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို တစ်ရပ်ကွက်လျှင် ငွေကျပ် ၁၀ သိန်းကောက်ခံခိုင်းကြောင်း သိရှိရသည်။

“ရပ်ကွက်တစ်ရပ်ကွက်ကို ရေဘေးအတွက် ၁၀ သိန်း ကောက်ခံပေးခိုင်းလို့ မြောက်ဒဂုံထဲမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စျေးဆိုင်တွေနဲ့ ငွေရှိတဲ့အိမ်တွေကို အတင်းအကျပ်ငွေလိုက်ကောက်နေတယ်။ ငွေကောက်ပြီးရင် အထက်ကို ပေးရမှာမို့ဆိုပြီး ရေဘေး အလှူငွေတွေ အတင်းအကျပ် ကောက်ယူနေတာ” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၃ ရပ်ကွက်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပြည်နယ်/တိုင်း တိုင်းစစ်ကောင်စီများကလည်း စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးကုမ္ပဏီကြီးများကို မဖြစ်မနေ အလှူငွေ ထည့်ကြရန် ဖိအားပေးလာကြောင်း၊ ပြည်နယ်/တိုင်းစစ်ကောင်စီများ၏ ညွှန်ကြားချက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက တစ်မြို့နယ်လျှင် အနည်းဆုံး ငွေကျပ် သိန်း ၁၀၀ ရှာဖွေပေးနေရကြောင်း သိရှိရသည်။

” ရေဘေးကူဖို့ဆိုပြီး အဆင့်ဆင့် ညွှန်ကြားပြီး အလှူငွေတွေကောက်ခိုင်းနေတာ။ ဗဟိုက ပြည်နယ်/တိုင်းကို ဖိတယ်။ ပြည်နယ်/တိုင်းတွေက ခရိုင်နဲ့ မြို့နယ်ကောင်စီတွေကို ထပ်ဖိ၊ မြို့နယ်တွေက ရပ်ကွက်/ကျေးရွာတွေကို ဖိပြီး အလှူခံခိုင်း၊ အဆင့်ဆင့်တွေဖြစ်နေကြတာ။ အခုလည်း တစ်မြို့နယ်ကို အနည်းဆုံး ငွေကျပ်သိန်း ၁၀၀ ကျော်အလှူငွေရှာခိုင်းထားတော့ လုပ်ငန်းရှင်တွေကို မြို့နယ်က အလှူခံလိုက်၊ တိုင်းက အလှူခံလိုက်၊ ခရိုင် အလှူခံလိုက်နဲ့ လုပ်ငန်းရှင်တွေလည်း အတော်ထိနေကြတယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားက ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်တွင် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်၍ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပြီး စီးပွားရေးသမားကြီးများက ငွေများ လှူဒါန်းခဲ့ရကာ ငွေကျပ် ၃၂ ဘီလီယံကျော်ရရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီက ရေဘေးအလှူခံမှုများနှင့် လှူဒါန်းမှုများတွင် နိုင်ငံရေးအသွေးအရောင်နှင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုများ မပါဝင်စေရေး အထူးကြပ်မတ်ဆောင်ရွက်ရန် ဆိုသော ညွှန်ကြားတစ်ရပ်ကိုပါ ထုတ်ပြန်လာကြောင်း သိရှိရသည်။

“ပရဟိတအဖွဲ့တွေ လူမှုရေးအသင်းတွေ၊ ပုဂ္ဂလိကအစုအဖွဲ့တွေ၊ စေတနာရှင်အစုအဖွဲ့တွေ စတဲ့အဖွဲ့အစည်းလေးတွေက တစ်ဖက်တစ်လမ်းကနေ ရပ်ကွက် မြို့နယ် ထဲ အလှူခံထွက်ကြရာမှာ နိုင်ငံရေးအသွေးအရောင်တွေ ပါနိုင်တဲ့အတွက် စစ်ဆေးဖော်ထုတ်ဖို့ နေပြည်တော်ကနေ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေကတဆင့် ခရိုင်မြို့နယ်တွေကို ညွှန်ကြားပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ နေပြည်တော်တွင် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင် ပြုလုပ်သော ရေဘေးကယ်ဆယ်ရေး အလှူငွေပေးအပ်ပွဲမှ မြင်ကွင်းများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article