ရန်ကုန်၊ အောက်တိုဘာ ၃
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံတွင် ရေပြည့်နေသဖြင့် ရေတံခါး ၄ ပေါက်ဖွင့်ချလိုက်ရာ ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနှင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပန်းလောင်မြစ်ဘေးကျေးရွာများ ရေကြီးနစ်မြုပ်နေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းသဖြင့် ကင်းတားရေလှောင်တမံတွင် ရေပြည့်လာကြောင်း၊ ထို့ကြောင့် ရေတံခါး ၄ ခုကို ဖွင့်လှစ်ခဲ့ရကြောင်း၊ ရေတံခါး ၄ ခုကို ဖွင့်လှစ်လိုက်သဖြင့် အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ အချိန် ကင်းတား ရေလှောင် တမံ တွင် ရေသိုလှောင်ထားရှိမှုမှာ ကန်ရေပြည့်မှတ် ၏အောက်ဘက် ၀ ဒသမ ၄၇ ပေ လျော့နည်း ရောက်ရှိနေကြောင်း၊ ရေလှောင် တမံ ၏ ရေပိုလွှဲ ရေတံခါး ၄ ခုကို ၁ ဒသမ ၆၄ ပေစီ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ဘေးရှိ ကျေးရွာတချို့နှင့် ရပ်ကွက်များမှာ ယခုအခါ ကင်းတားရေလှောင်တမံမှ ရေများလွှတ်ချလိုက်သဖြင့် ရေဘေးရှောင်နေရကြောင်း၊ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက လော်စပီကာများဖြင့် ရေကြီးမှု သတိပေးချက်များ လိုက်လံ ကြေညာလျက်ရှိကြောင်း သိရှီရသည်။
“မြစ်သားမြို့ ဘူတာရပ်ကွက် ၊ ရွှေဘုံသာ ရေဘေးရှောင်စခန်းနဲ့ ရွှေပေါ်ကျွန်းကျေးရွာ၊ မြတ်ဘုန်းရှင်ဘုရား ရေဘေးရှောင်စခန်းတွေတော့ ဖွင့်ထားတာရှိတယ်။ အလှူရှင်တွေ လာရောက် လှူဒါန်းနိုင်ပါတယ်။ အခုတော့ ကင်းတားဆည်က ရေထိန်းဖွင့်တော့ ရေက ကျေးရွာတွေထဲကို ဝင်ရောက်လာတာပဲရှိတယ်။ စက်တင်ဘာလလယ်တုန်းကလို ထိန်းမနိုင် သိမ်းမရဖြစ်တာမျိုး ရေအလုံးလိုက်ကြီး ဝင်ပြီး စီးသွားတာမျိုးမရှိဘူး” ဟု မြစ်သားမြို့နယ်မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထို့အတူ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအနီးရှိငပြောင်ဆည်၏ရေကြီးရေမှတ်မှာ ၄ ပေဖြစ်ပြီးစိုးရိမ်ရေမှတ်မှာ ၆ ဒသမ ၅ ပေအမြင့်ရှိကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန် ဆည်ပေါ်မှ ၄ ဒသမ ၃ ပေအမြင့် ရေကျော်ကျစီးဆင်းနေပါကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန် ရွာငံမြို့နယ်ရှိ မြို့ကြီးတမံအတွင်းရေသိုလှောင်ထားရှိမှုမှာကန်ရေပြည့်မှတ်အထက် ၃ ဒသမ ၃ ပေသို့ကျော်လွန်ရောက်ရှိနေပါသဖြင့် ရေပိုလွှဲမှ ၃ ဒသမ ၃ ပေအမြင့်ကျော်ကျစီးဆင်းနေပါကြောင်း၊ ထို့ပြင် ဇော်ဂျီ မြစ်ရေ မြင့်တက်လာနိုင်သဖြင့် ကျောက်ဆည်မြို့ပေါ် ရပ်ကွက်များအတွင်း ရေဘေးသတိ ပြုကြရန် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မြစ်သားမြို့နယ်တွင် အောက်တိုဘာလ ၂ ရက်နေ့ ပန်းလောင်မြစ်ဘေး ကျေးရွာများတွင် ရေများ ဝင်ရောက်လာစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar