26 C
Yangon

မြန်မာ့ပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု မြင့်မားလာနေပြီး ဖမ်းဆီးရရှိမှု တိုးများလာဟု ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က ပြောဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်အခြေအနေ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု မြင့်မားလာနေပြီး စိတ် ကြွဆေးနှင့် ဘိန်းဖြူ ဖမ်းဆီးရရှိမှု သိသိသာသာ တိုးလာနေကြောင်း ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့မှအကြီးတန်းအရာရှိတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက သတင်းပြောသည်။

မြောက်ပိုင်းဒေသသည် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်နေသည့် အဓိက သယ်ယူရေး လမ်းကြောင်း အဖြစ် တည်ရှိနေဆဲဖြစ်ပြီး သယ်ယူသူများက တောင်တန်းများ(သို့မဟုတ်) မဲခေါင်မြစ်ကို ဖြတ်သန်း၍ စိတ်ကြွ မူးယစ်ဆေးဝါး ဖြစ်ကြသည့် Methamphetamine နှင့် Ice များကို တင်သွင်းနေကြကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) ၏ ဒုတိယအတွင်းရေးမှူး Apikit Ch.Rojprasert က ပြောဆိုသည်။

မူးယစ်ဆေးဝါး ရာဇ၀တ်ဂိုဏ်းများက မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့တွင် အထူးဓာတ်ခွဲခန်းများ ထူထောင်ရန် ပြည်သူ့စစ်များ၊ လက် နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ယင်းကိစ္စအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်သွားရန် ကတိကဝတ်ပြုထားသည်ဟု ယခင်က ပြောဆိုသည်။

“လက်နက်ကိုင်ပဋိပက္ခကြောင့် မူးယစ်ဆေးဝါးကုန်သွယ်မှုဟာ လက်နက်တွေဝယ်ယူဖို့ သို့မဟုတ် လက်နက်ကိုင် တပ်တွေကို လည်ပတ်ဖို့အတွက် လုပ်ဆောင်နေရတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနဲ့ ဆက်စပ်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို လက်တွဲတိုက်ဖျက် လုပ်ဆောင်ဖို့ ကျနော်တို့ သတိရှိရပါမယ်” ဟု ဒုတိယအတွင်းရေးမှူး Apikit Ch.Rojprasert က ဆိုသည်။

ယခုနှစ် ပထမ ရှစ်လခွဲအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင်တို့တွင် မက်သွပ်ဆေးပြားများ ဖမ်းဆီးရမိမှုမှာ မူးယစ်ဆေးပြား ၃၄၆ သန်းအထိ သိမ်းဆည်းရမိခဲ့ပြီး ယင်းပမာဏမှာ ၂၀၂၃ ခုနှစ်ပမာဏထက် ၁၇၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရသည်။

အဆိုပါပြည်နယ်များတွင် မူးယစ်ဆေးဝါး Ice ဖမ်းဆီးရမိမှုမှာလည်း ၆ ဒသမ ၄၈ တန်တိုးလာပြီး ယခင်ထက် ၃၉ ရာခိုင်နှုန်းတိုးလာကြောင်း၊ ဘိန်းဖြူ ဖမ်းဆီးရရှိမှုမှာ ယခုနှစ်တွင် ၃၂၇ ကီလိုဂရမ် (၇၂၁ ပေါင်) သိမ်းဆည်းရမိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးရမိသည့် ပမာဏထက် ၇ ဆနီးပါးတိုးလာကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုများကြောင့် ဓာတုမူးယစ်ဆေးဝါးများ ထုတ်လုပ်မှုနှင့် ရောင်းဝယ် ဖောက်ကားမှု အရှိန်အဟုန်ဖြင့် တိုးမြင့်လာကာ ဘိန်းစိုက်ပျိုးမှု ပြန်လည်ပေါ်ပေါက်လာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံးမှ သိရသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု တိုးလာသော်လည်း ထိုင်းနိုင်ငံတွင် မက်ဆေးပြားဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်ရှိ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး Narit Thanwornwong က မက်သွပ်ဆေးပြား သန်း ၅၀ ကျော် ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုကူးရန် စောင့်ဆိုင်းနေသည်ဟု ယုံကြည်ရကြောင်း ၊ စစ်ကောင်စီကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အချို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွင် ပါဝင်နေပြီး ပဋိပက္ခတွင် ပါဝင်ခြင်းမရှိသည့် အခြားအဖွဲ့အစည်းများမှာမူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ကုန်သွယ် မှုတွင် ပါဝင်နေကြောင်း ရိုက်တာသတင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထိုင်းမြောက်ပိုင်းပြည်နယ် ၃ ခုတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် Ice ဆေးပြား ၂၈၄ ရာခိုင်နှုန်း၊ မက်သာဖက်တမင်းဆေးပြား ၂၀၁ ရာခိုင်နှုန်းနှင့် ဘိန်းဖြူ ၇၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article