31 C
Yangon

ချင်းမိုင် ဒုတိယအကြိမ် ရေကြီးမှုတွင် မြန်မာအများစုပါ ရေဘေးသင့်နေပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ပိုမို အခက်ကြုံနေရ

Must read

ချင်းမိုင် ဒုတိယအကြိမ် ရေကြီးမှုတွင် မြန်မာအများစုပါ ရေဘေးသင့်နေပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ပိုမို အခက်ကြုံနေရ

ရန်ကုန်၊ အောက်တိုဘာ ၅

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုအောက်တိုဘာလဆန်းပိုင်း ရေကြီးမှုများဖြစ်ပွားလျက်ရှိရာ ချင်းမိုင်တွင် နေထိုင်သော မြန်မာအများစုပါ ရေဘေးသင့်နေကြောင်း ချင်းမိုင်ရောက် မြန်မာများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလနှောင်းပိုင်းအတွင်း ပထမအကြိမ်အဖြစ် ချင်းမိုင်တွင် ရေကြီးခဲ့ကြောင်း၊ သို့ရာတွင် ပထမအကြိမ် ရေကြီးခဲ့စဉ်က အမြင့်ပိုင်းနေရာတချို့ ရေလွတ်ခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် ရေကြီးမှုမှာ ပထမအကြိမ်ထက် များစွာ ပိုမို၍ ရေတက်လာခဲ့ပြီး ရေကြီးမှုဧရိယာမှာလည်း ပိုမို ကျယ်ပြန့်လာကြောင်း ချင်းမိုင်ရောက် မြန်မာတချို့က ပြောဆိုသည်။

“ပထမအကြိမ်က စက်တင်ဘာလ ၂၄ ၊ ၂၅ လောက်မှာ ရေကြီးတာက ရေတက်ပေမယ့် ကျနော်တို့ SR ကွန်ဒိုဘက်ကို ရေမရောက်ခဲ့ဘူး။ အခု ဒီနေ့ မနက်ကျတော့ SR ကွန်ဒိုအောက်မှာပါ ကားတွေ ဘီးမြုပ်တဲ့အထိ ရေကရောက်လာတယ်။ အမြင့်နေရာတချို့အထိပါ ရေဝင်လာတာ။ ပထမအကြိမ်ထက် ရေကြီးတာများသလို ဧရိယာလည်း ကျယ်တယ်။ ဘယ်လိုလုပ်ရမလဲတော့မသိဘူး။ အပြင်ကို ကြည့်လိုက်ရင် ရေတွေ ဖွေးနေတာပဲ။ ကွန်ဒို ၇ လွှာမှာ နေတာမို့ အစားအသောက်နဲ့ ရေရဖို့တော့ အပြင်ထွက်လို့ မရဘူး” ဟု ချင်းမိုင် SR ကွန်ဒိုတွင် နေထိုင်သူ မြန်မာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ချင်းမိုင်တွင် နေထိုင်ကြသော မြန်မာများစွာရှိရာ ယင်းမြန်မာများတွင် တရားဝင် နေထိုင်ခွင့် အထောက်အထား လက်မှတ်မရှိဘဲ နေထိုင်သူများမှာ ရေဘေးသင့်နေချိန် ပို၍ အခက်အခဲဖြစ်နေရသည်ဟု တရားမဝင် နေထိုင်သည့် မြန်မာတချို့က ဆိုသည်။

“ကိုယ်က စကားလည်းမတတ်၊ အကူအညီလည်းမတောင်းရဲဘူး။ နေတာကလည်း လက်မှတ်မရှိတော့ ရဲရော ထိုင်းမှန်သမျှ ကြောက်နေရတာ။ ပုံမှန်ဆိုရင်လည်း အပြင်သိပ်မထွက်ဘူး။ အခု ရေကြီးတော့ လက်မှတ်မရှိတော့ ရေကြီးတာလည်း ကြောက်ရ၊ ရဲဖမ်းခံရမှာလည်း ကြောက်ရ ” ဟု ချင်းမိုင်မြို့တွင် နေထိုင်သူ အထောက်အထားမဲ့ မြန်မာ CDM ဝန်ထမ်း တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ ချင်းမိုင် ရေကြီးမှု မြင်ကွင်း။

Photo Credit- The Reporters။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article