ဒီပဲယင်းမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များ ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များ ပျက်စီးမှုရှိကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မွန်းလွဲ ၂ နာရီ ၁၇ မိနစ်၊ ၂၄ မိနစ်၊ ၂၆ မိနစ်နှင့် ၃၂ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ဒီပဲယင်းမြို့ ၊ ကံပြား၊ တောင်ပြင်နှင့် အနောက်ကွက်သစ် တို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကောင်း သိရသည်။
ထို့ပြင် ယနေ့ ညနေ ၆ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် တင်းတိန်ရန် ဘုရားကုန်းပေါ်ကို လေကြောင်းဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး လူနေအိမ် အဆောက်အအုံများ ပျက်ဆီးခဲ့ကြောင်း၊ အနောက်ကွက်သစ်ကိုလည်း ဗုံးသီး ၁ လုံး ဂျက်ဖိုက်တာဖြင့် ထပ်မံ ကျဲချသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ဆက်လက် ပြုလုပ်မည်ကို စိုးရိမ်ရပြီး ပြည်သူများ၏ ထိခိုက်မှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
“ပြည်သူ ထိခိုက်မှုရှိပါတယ်။ အတိအကျသိရဖို့အတွက် ဆောင်ရွက်နေဆဲပါ။ စကစက ဗြောင်ကျကျ ယုတ်မာနေတာပဲ ဆက်ပြီးတော့လည်း လူမဆန်စွာ ပြုမူနေအုံးမှာပဲဆိုတော့ ကျွန်တော်တို့ တော်လှန်ပြည်သူတွေအနေနဲ့ အချိန်တိုင်း သတိဝီရိယထားပြီး အန္တရာယ်မဖြစ်အောင် အထူးဂရုစိုက်နေရမှာပါ။ ပြည့်သူ့တော်လှန်ရေးတပ်တွေလည်း စစ်အာဏာရှင်အမြစ်ပြတ်ရေး တစ်နိုင်ငံလုံးမှာ စွန့်လွှတ်စွန့်စားပီး တိုက်ပွဲဝင် အောင်ပွဲဆင်လျှက်ရှိပါတယ်။ တရားသောစစ်ပွဲပဲလေ အောင်ရမှာပေါ့” ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီပဲယင်းမြို့နယ်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ လူမဆန်စွာ ဆက်တိုက် ပြုလုပ်နေ၍ မြို့နယ်အတွင်းရှိ ပြည်သူများ အထူးသတိပြု နေထိုင်ကြပါရန်နှင့် လေကြောင်းအန္တရာယ်အသိ၊ သတိရှိကြရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။