29 C
Yangon

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းပါးနေသဖြင့် ပြည်တွင်း စီးပွားရေး သမားများ စိုက်ပျိုးမွေးမြူရေး လုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် တိုက်တွန်း

Must read

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းပါးနေသဖြင့် ပြည်တွင်း စီးပွားရေး သမားများ စိုက်ပျိုးမွေးမြူရေး လုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းပါးနေသဖြင့် ပြည်တွင်းစီးပွားရေးသမားများ စိုက်ပျိုးမွေးမြူရေး လုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုသည်။

ယမန်နေ့ ရေဘေးအလှူငွေ တတိယအကြိမ် ပေးအပ်ပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ နည်းပါးလျက်ရှိခြင်းကြောင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများ မြှင့်တင်နိုင်ရေး လုပ်ငန်းရှင်များအနေဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြစေလိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းသည်။

UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ လက်ရှိ စီးပွားရေးအခြေအနေမှာ သွင်းကုန်များကို စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများ မတင်သွင်းနိုင်တော့ဘဲ အခက်အခဲဖြစ်ရကြောင်း၊ စီးပွားရေးလုပ်ငန်းအများစုမှာလည်း မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားရကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စက်မှုထုတ်ကုန်လုပ်ငန်းများက အဓိက ကျပြီး မြန်မာနိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်ငန်းများမှာလည်း ခေတ်မမီတော့ဘဲ ခေတ်နောက်ကျကျန်ခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအပိုင်းတွင်လည်း ထိုင်း၊ ဗီယက်နမ်တို့ကို မြန်မာနိုင်ငံက မယှဉ်နိုင်ကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင်ပြောဆိုနေသည့် စီးပွားရေးလုပ်ငန်းရှင်များ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ကိုင်ရန် တိုက်တွန်းချက်မှာ လက်ရှိ စီးပွားရေး ပြိုလဲနေမှုကို နာလန်ထူအောင် မလုပ်ဆောင်နိုင်ကြောင်း၊ စစ်ခေါင်းဆောင်သည် ဦးနေဝင်းခေတ် စီးပွားရေး အတွေးအခေါ်များကိုသာ တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြောင်း သုံးသပ်ပြောဆိုသည်။

“ကမ္ဘာကြီးက အရမ်းခေတ်မီတဲ့ AI ဉာဏ်ရည်အတု နည်းပညာခေတ်ကို သွားနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာက စိုက်ပျိုးမွေးမြူရေး လုပ်ဖို့ ပြောနေတယ်။ စစ်ခေါင်းဆောင်ပြောနေတဲ့ စီးပွားရေးအတွေးအခေါ်တွေက တကယ့် ဦးနေဝင်းကြီးလက်ထက်က အတွေးအခေါ်တွေပဲ။ တိုင်းပြည်ကို တံခါးပိတ်ပြီး စိုက်ပျိုးရေး မွေးမြူရေး လုပ်ခိုင်းတဲ့ ဆိုရှယ်လစ် အတွေးအခေါ်တွေပဲ။ အဲဒီစနစ်နဲ့တော့ တိုင်းပြည်က စီးပွားရေး ထပ်ပြီး ပြိုလဲဖို့ပဲရှိတယ်” ဟု UMFCCI မှ စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စက်သုံးဆီ၊ စားအုန်းဆီ ၊ ဆေးနှင့်ဆေးဝါးပစ္စည်း၊ စက်မှုကုန်ကြမ်းသွင်းကုန် များအပါအဝင် ပြည်သွင်းကုန်များအားလုံးကို နိုင်ငံခြားငွေ ချွေတာရန် အကြောင်းပြရန် ပိတ်ပင်ထားသဖြင့် အခြေခံစက်ရုံအလုပ်ရုံများအတွက် လိုအပ်သော သွင်းကုန်များ မရရှိတော့ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှာ စက်မှုလက်မှု လုပ်ငန်းအားလုံးအတွက် ကုန်ကြမ်း လိုအပ်ချက်များကို ပြည်ပမှတင်သွင်း ထုတ်လုပ်နေရသောကြောင့် စစ်ကောင်စီ၏ သွင်းကုန် ကန့်သတ်ရေး မူဝါဒကြောင့် စက်မှုဇုန်နှင့် စက်ရုံများ လတ်တလော ရပ်ဆိုင်းနေပြီး ရေရှည်တွင် အလုံးစုံ ပိတ်သိမ်းရမည့် အခြေအနေ ဆိုက်ရောက်နေကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်တချို့ကလည်း သုံးသပ်ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article