မတ္တရာမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့နှင့် ယနေ့ ၂ ရက်ဆက်တိုက် စစ်ကြောင်း ထိုး၊ လေ ကြောင်း တိုက်ခိုက်နေပြီး တံငါကျေးရွာနှင့် အုတ်စက်ပေါက်ကျေးရွာကို စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်
ရန်ကုန်၊ အောက်တိုဘာ ၁၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့နှင့် ယနေ့ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများလုပ်နေပြီး တံငါကျေးရွာနှင့် အုတ်စက်ပေါက်ကျေးရွာကို စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန် မတ္တရာမြို့နယ်၊ တံငါကျေးရွာနှင့် အုတ်စက်ပေါက်ကျေးရွာကို Mi35 စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများသို့ ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၊ လတ်တလော ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“ဒီမနက် ၉ နာရီထိုးခါနီးမှာ Mi-35 စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ချသွားတယ်။ တံငါကျေးရွာနဲ့ အုတ်စက်ပေါက်ကျေးရွာထဲကို ပစ်ခတ်တာလို့ ပြောတယ်။ ပျက်စီးထိခိုက်မှု အတိအကျ မသိရသေးဘူး။ ပြည်သူတွေ ထိခိုက်နိုင်တယ်။ အခုက မြေပြင်မှာလည်း စစ်ကြောင်းထိုးတယ်။ လေပေါ်ကနေလည်း တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆယ်ပင်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများက တုံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ထို့ပြင်ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ၀န်းကျင်အချိန်တွင် မတ္တရာမြိုနယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်း မဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၂ ဦးခန့် သေဆုံးခဲ့ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ များစွာရှိခဲ့ကြောင်း သိရှိရသည်။