29 C
Yangon

တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့အဖွဲ့က အရပ်သား ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး အလောင်းများ စွန့်ပစ်ထားခဲ့

Must read

တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့အဖွဲ့က အရပ်သား ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး အလောင်းများ စွန့်ပစ်ထားခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ အိန္ဒိယနယ်စပ်၊ တမူးမြို့မှာ အောက်တိုဘာ ၁၂ ရက်နေ့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသားနှစ်ဦးကို စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နန်းဖာလုံဘက်က ချောင်းနက်ကြီး၊ မြို့မ ၁၄ ရပ်ကွက်အကျော် လမ်းဘေးမှာ အလောင်းတွေကိုပစ်ထားခဲ့တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပျူစောထီးတွေရဲ့သတ်ဖြတ်ခြင်းခံရသူသုံးဦးအနက် တစ်ဦးက တမူးမြို့နယ် သာယာကုန်းကျေးရွာက အသက် ၂၃ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦးဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို မိသားစုဝင်တွေက လာမြုပ်နှံပေးသွားကြတယ်လို့ သိရပါတယ်။

ကျန်အမျိုသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းနှစ်လောင်းကိုတော့ ဘယ်သူဘယ်ဝါဆိုတာစုံစမ်းမရတာကြောင့် အောက်တိုဘာ ၁၃ ရက်နေ့မှာ ချောင်းနက်ကြီးရပ်ကွက်ပြည်သူတွေက မီးသင်ဂြိုလ်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

အရပ်သားသုံးဦးကို သတ်ဖြတ်သူတွေဟာ တမူးမြို့ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့လက်အောက်က ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပန်းချီချမ်းမြေ့ဆိုသူဟာ NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို မဖွယ်မရာလုပ်ပြီး လိုင်းပေါ်မှာတင်ခဲ့တာကြောင့် အသရေဖျက်မှုနဲ့ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရဖူးသူဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးခါစ တမူးမြို့သပိတ်မှောက်ပြည်သူတွေက သူ့ကိုစစ်တပ်သတင်းပေးသူအဖြစ် ဖမ်းဆီးခဲ့ပေမယ့် ပြန်လွှတ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်နိုမ်နင်းမှုကြောင့် တမူးမြို့ကနေ သပိတ်အဖွဲ့တွေဆုတ်ခွာပြီးတဲ့အချိန်ကစလို့ ပန်းချီချမ်းမြေ့ဟာ ပျူစောထီးခေါင်းဆောင်ဖြစ်လာပြီး သူနေထိုင်တဲ့ တမူးမြို့၊ မြို့မရပ်ကွက် ၁၂ ကို အပိုင်စားအုပ်စိုးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပန်းချီချမ်းမြေ့ရဲ့ သားဖြစ်သူနဲ့ တူမဖြစ်သူတို့ကို UG အဖွဲ့တစ်ခုက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ပန်းချီချမ်းမြေ့ဟာ တမူးမြို့ ပြည်သူတွေအပေါ်မှာ ရက်ရက်စက်စက်ပြုမူ သတ်ဖြတ်လာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူသတ်ခဲ့တဲ့လူတွေ တစ်ရာမကရှိပြီ။ သူအရင်က သူနေတဲ့ မြို့မ ၁၂ ရပ်ကွက်လောက်ကနေ ခုတော့ တမြို့လုံးနီးပါး သူ့အုပ်စိုးနယ်လိုဖြစ်နေတော်တာ။ မကောင်းတဲ့၊ ရက်စက်တဲ့နေရာမှာ နာမည်ကြီးပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article