29 C
Yangon

ရခိုင်မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ

Must read

ရခိုင်မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ

ရန်ကုန်| အောက်တိုဘာ ၁၄

ရခိုင်ပြည်တွင် အောက်တိုဘာ ၇ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ လေကြောင်းဗုံးကျဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၂ ဦးအထိ ဒဏ်ရာရရှိကြောင်း မှတ်တမ်းများအရ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့အရပ်သား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦး အစု လိုက်အပြုံ လိုက် သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။

သေဆုံးသူများထဲတွင် အသက် ၆ နှစ်ကလေးငယ် မောင်စွမ်းဆက်နိုင်လည်း ပါဝင်ခဲ့ပြီး ရွာမကျေးရွာ အမှတ် ၄ ရပ်ကွက်ကဖြစ်ကြောင်း ၊ ဆက်လက်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုဗုံးကျဲတိုက်ခိုက်မှုတွင် အသက် မပြည့်သေးသည့် ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများမှာ အသက် ၁၆ နှစ်အရွယ် မောင်စိုးဝင်းမောင်၊ အသက် ၁၈ နှစ်အရွယ် မောင်ထွန်းဝင်း၊ အသက် ၁၉ နှစ်အရွယ် ကိုအောင်အောင်စိုး၊ အသက် ၂၄ နှစ်အရွယ် မကျော့နုနှင့် အသက် ၂၄ နှစ်အရွယ် မအေးဌေး တို့ဖြစ်ကြသည်။

အောက်တိုဘာလ ၈ ရက် နံနက် ၂ နာရီခန့်တွင်လည်း ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာနှင့် ဘုရားဂူနားကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အသက် ၆၃ နှစ်အရွယ် ဦးအောင်ကျော်သိန်းမှာ ဗုံးစထိမှန်၍ ဒဏ်ရာရရှိကာ ဘုရားဂူနား ဓမ္မာရုံမှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီခွဲအချိန်တွင် ဂွမြို့နယ် ကုလားပြင်တိုက်နယ် ရီကျော်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၄၉ နှစ်အရွယ် ဦးဇော်မင်းသိန်း၊ အသက် ၅၆ နှစ်အရွယ် ဦးမြင့်တက်နှင့် အသက် ၇၆ နှစ်အရွယ် ဒေါ်သန်းလင်း တို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ကလည်း ကျောက်တော်မြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက အရပ်သားများနေထိုင်သည့် ရပ်ကွက်များသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကျောက်တော် အထက-၂ စာသင်ကျောင်းနှင့် မီးစက်ကြီးနေရာများသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ၅ ဦးသေဆုံးကာ ၁၆ ဦးထက်မနည်းမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

သေဆုံးသူများထဲက အချို့မှာ အသက် ၁၈ နှစ်အရွယ် အပေါက်ဝကျေးရွာက မသန္တာအေး၊ အသက် ၄၅ နှစ်အရွယ် ရွာမရပ်ကွက်က ဦးမောင်ထွန်းနိုင်၊ အသက် ၄၃ နှစ်အရွယ် ပြိုင်စံသျှားအမှုန့်ကြိတ်စက်ပိုင်ရှင် ဦးအေးကျော်၊ အသက် ၅၃ နှစ်အရွယ် ပိုက်သည်ရပ်ကွက်က ဦးကျော်သိန်းလှတို့မှာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားရခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ ၁၆ ဦးထဲတွင် အသက်မပြည့်သေးသည့် အသက် ၈ နှစ်အရွယ် မချိုမြတ်မော်နှင့် အသက် ၁၄ နှစ်သာရှိသည့် မရွှေအိမ်သူ တို့လည်းပါဝင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ ရက် ညနေ ၄ နာရီခွဲအချိန်တွင်လည်း အမ်းမြို့နယ် မဲလက်မောင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာကြောင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်း ပြိုကျပျက်စီးသွားကာ အပြစ်မဲ့အရပ်သားပြည် ဦးကျော်ဆာမှာ ဘယ်ဖက် ခြေထောက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် AA က စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် စစ်ကိုစစ်နှင့်တူအောင် တိုက်ရန် သတိပေးထားပြီး အရပ်သားများရှိ မြို့ရွာများနှင့် ဘာသာရေးအဆောက်အဦ အပါအဝင် စာသင်ကျောင်း၊ ဆေးရုံးဆေးခန်းများကို မတိုက်ခိုက်ရန် ပြောဆိုထားသည်။

အမေရိကန်၊ အီးယူသမဂ္ဂအပါအဝင် UN နှင့် အာဆီယံနိုင်ငံများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် မြန်မာပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံကို ပြန်လည်တည်ဆောက်ကြရန် တောင်းဆိုထားကြသည်။

ဓာတ်ပုံ- ရခိုင်တွင် ဗုံးကျဲတိုက်ခိက်မှုကြောင့် သေဆုံးသူ ပြည်သူတစ်ဦး။ Photo- APM။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article