26 C
Yangon

ပန်ဝါမြို့ကို KIA က သိမ်းပိုက်ပြီးနောက် ညတွင်းချင်း တရုတ်က KIA နယ်မြေနှင့်ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ရုတ်တရက် ပိတ်ချ၊ တိုက်ပွဲနှင့် ထိုးစစ်များ ရပ်ရန် KIA ကို တရုတ် ဖိအားပေး

Must read

ပန်ဝါမြို့ကို KIA က သိမ်းပိုက်ပြီးနောက် ညတွင်းချင်း တရုတ်က KIA နယ်မြေနှင့်ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ရုတ်တရက် ပိတ်ချ၊ တိုက်ပွဲနှင့် ထိုးစစ်များ ရပ်ရန် KIA ကို တရုတ် ဖိအားပေး

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ညတွင်းချင်းပင် တရုတ်က KIA ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ကြောင်း KIA သတင်းရင်းမြစ်နှင့် ကချင်ဒေသသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန် ကချင်ပြည်နယ်၊ KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်၊ လိုင်ဇာနယ်မြေများနှင့် ထိစပ်လျက်ရှိသော နဘန်-လိုင်ဇာ ဂိတ်၊၊ ဆီမား-လိုင်စင် ဂိတ်၊ ခရှန် ဂိတ်များကို တရုတ်ဘက်က ပိတ်သိမ်းလာကြောင်း၊ အကြောင်းပြချက်အနေဖြင့် ဂိတ်တချို့ကို ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းနှင့် စနစ်များ အဆင့်မြှင့်မည်ဟု စာများ ထုတ်ပြန်ပြီး ပိတ်သိမ်းလိုက်ကြောင်း၊ ပြန်လည် ဖွင့်လှစ်မည့် ရက်ကို လည်း အတိအကျ မသိရှိရကြောင်း သိရှိရသည်။

“KIA က ဗန်းမော်၊ မြစ်ကြီးနားကို ထိုးစစ်မဆင်ဖို့ ဖိအားပေးတဲ့အနေနဲ့ တရုတ်က ဂိတ်တွေ ပိတ်တယ်လို့ ပြောလို့ရတယ်။ ပိတ်တာက လိုင်ဇာနဲ့ မိုင်ဂျာယန်ဘက်က ဂိတ်တွေကိုလည်း တရုတ်က ပိတ်တယ်။ တိုက်ပွဲတွေ ရပ်ဖို့ တရုတ်က ဖိအားပေးတဲ့သဘောနဲ့ လာပိတ်တာနေမယ်” ဟု ကချင်ဒေသတင်းရင်းမြစ်က ဆိုသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း KIA ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူတချို့ကို တရုတ်က တွေ့ဆုံ၍ တိုက်ပွဲနှင့်ထိုးစစ်များ ရပ်ရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။

ယခုနှစ်မတ်လ ၇ရက်နေ့မှ စတင်၍ ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ပူးပေါင်း စစ်ဆင်ရေးနှင့် ထိုးစစ်များဆင်နွှဲပြီး စစ်ကောင်စီ၏ တပ်စခန်း ပေါင်း ၂၀၀ ကျော်နှင့် မြို့ ၁၄ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သည်။

ဓာတ်ပုံ- လိုင်ဇာအနီးရှိ လိုင်ဇာ-နဘန် တရုတ်-မြန်မာနယ်စပ်ဂိတ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article