26 C
Yangon

အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂွမြို့နှင့် မောင်တောမြို့နယ်တွင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

Must read

အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂွမြို့နှင့် မောင်တောမြို့နယ်တွင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

ရန်ကုန်| အောက်တိုဘာ ၁၉

ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် မောင်တောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေ၍ ယခုရက် ပိုင်း အတွင်း ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ ရက် နေ့လယ် ၃ နာရီခန့်အချိန် ဂွမြို့နယ် ကုလားပြင်အနီး ဒယ်ဘုတ်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း၊ သေဆုံးသူများမှာ အသက် ၄၂ နှစ်အရွယ် ဦးမောင်တင်ရွှေ၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်မျိုးမြင့်နှင့် အသက် ၅၀ အရွယ် ဦးတင်ရွှေတို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် မေနှင်းသူ၊ အသက် ၂၅ နှစ်အရွယ် မချိုချိုဝင်း၊ အသက် ၃၀ အရွယ် ကိုမျိုးမြင့်အောင်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စန်းကြည်နှင့် အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်ထွေးတို့ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၁ နာရီကလည်း မောင်တောမြို့နယ် ဒုညောင်ပင်ကြီး ကျေးရွာကို စစ်ကောင်စီ စစ်သင်္ဘောများက လက်နက်ကြီးပစ်ခတ်၍ အပြစ်မဲ့ မွတ်စလင် ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ် ရာဘီယာ၊ အသက် ၂၉ နှစ် အယာစ်၊ အသက် ၄၂ နှစ် ဟာဆောင်၊ အသက် ၃၄ နှစ် အီနစ်နှင့် အသက် ၆၅ နှစ် ခေါ်ဘီရ်တို့ဖြစ်ကြောင်း၊ တိုက်ပွဲကို အကြောင်းပြု၍ စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးများ အရပ်သားနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရှိရသည်။

အမ်းမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး ဒေသခံပြည်သူ ၁၀၀ ကျော်မှာ အမ်းကနေ မကွေးတိုင်းဘက်သို့ စစ်ရှောင်သွားချိန် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ပဒါန်းလမ်းကို အသုံးပြု၍ မကွေးဘက်သို့ ကား ၁၅ စီးဖြင့် သွားနေစဉ်အတွင်း ကျီးကန်းတောင်နှင့် ၆ မိုင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါ စစ်ရှောင် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သည့်နေရာများသို့ ဖမ်းဆီးသွားခြင်းကို မသိရ၍ မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေကြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် အရေးပါသော အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာကုန်းကို AA က သိမ်းပိုက်ပြီးနောက် လက်ရှိတွင် အမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၁၆ ရက်နေ့ ၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်စဉ် မြင်တွေ့ရသည့် အပျက်အစီးများ။

Photo- ANP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article