26 C
Yangon

အမ်းနှင့် မောင်တောတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် တစ်ရက်တည်း ပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

Must read

အမ်းနှင့် မောင်တောတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် တစ်ရက်တည်း ပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု၊ လေ ကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ တစ်ရက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အမ်းမြို့နယ် လောင်းစပ်ကျေးရွာကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၂ နာရီက စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခဲ့၍ အပြစ်မဲ့အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ပြင်းထန်ရရှိခဲ့သည်။

တိုက်ပွဲမရှိသည့် လောင်းစပ်ကျေးရွာကို အရပ်သားသေဆုံးစေလိုသည့် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

သေဆုံးသူများမှာ အသက်မပြည့်သည့် ၁၇ နှစ်အရွယ် ကိုဖြိုးမင်းသူ၊ အသက် ၆၀ အရွယ် ဦးညိုနှင့် အသက် ၇၀ အရွယ် ဦးအောင်သိန်းတို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၁၄ နှစ်အရွယ် မချစ်သက်ဝေ၊ အသက် ၃၉ နှစ်အရွယ် ဒေါ်နှင်းအိဖြူ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်စိုးစိုး၊ အသက် ၅၈ နှစ်အရွယ် ဦးတင်သိန်းနှင့် အသက် ၇၀ အရွယ် ဒေါ်တင်နုတို့ ဖြစ်ကြသည်။

ရွာသားများစစ်ရှောင်နေချိန် အမ်းမြို့နယ် လုံးရွာကိုလည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဝင်ရောက် မီးရှိုးခဲ့၍ ရွာလုံးကျွတ် ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျေးရွာအတွင်း မဝင်ရောက်မီ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး နေ့လယ်ခန့်တွင် လုံးကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး တစ်အိမ်မကျန် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

လုံးကျေးရွာမှာ အိမ်ခြေ ၂၆၀ ခန့်ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် နှစ်မိုင်ခန့်သာ ဝေးကွာပြီး ရွာသားများမှာ ပြီးခဲ့သည့် တစ်လကျော်ကစ၍ စစ်ရှောင်နေကြခြင်းဖြစ်သည်။

ယင်းအပြင် မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာ (ရခိုင်) ကို အောက်တိုဘာလ ၂၁ ရက် နံနက် ၁ နာရီ ၄၄ မိနစ်အချိန်တွင် စစ်ကောင်စီက လေကြောင်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ဖားဝပ်ချောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေသည့် နခခ ၅ နှင့် ဝေးကွာပြီး အရပ်သားများ သေဆုံးစေလိုသည့် ဆန္ဒဖြင့် စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကာ ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ အသက် ၂၀ အရွယ် ကိုမောင်မောင်၊ အသက် ၂၆ နှစ်အရွယ် မအေးအေးအောင် (ကိုယ်ဝန်ဆောင်မိခင်)၊ အသက် ၂၆ နှစ်အရွယ် မသီတာ၊ အသက် ၂၉ နှစ်အရွယ် ကိုနေဇော်ဦးနှင့် အသက် ၅၈ နှစ်အရွယ် ဒေါ်လှလှအေးတို့ဖြစ်ကြသည်။

အောက်တိုဘာလ ၁၉ ရက် နံနက် ၁ နာရီကလည်း မောင်တောမြို့နယ် ဒုညောင်ပင်ကြီး ကျေးရွာကို စစ်ကောင်စီ စစ်သင်္ဘောများက လက်နက် ကြီးပစ်ခတ်၍ အပြစ်မဲ့ မွတ်ဆလင် ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ် ရာဘီယာ၊ အသက် ၂၉ နှစ် အယာစ်၊ အသက် ၄၂ နှစ် ဟာဆောင်၊ အသက် ၃၄ နှစ် အီနစ်နှင့် အသက် ၆၅ နှစ် ခေါ်ဘီရ်တို့ဖြစ်သည်။

တိုက်ပွဲကို အကြောင်းပြု၍ စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Photo- APM။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article