26 C
Yangon

လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့

Must read

လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့ အထိ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် အောက်ရေဖြူ ကျေးရွာသား ကိုမင်းကိုကိုနှင့် အမည်မသိ ပြည်သူ လူငယ် ၁ ဦးကို လည်လှီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို ညင်းမော်ရွာ သင်္ချိုင်း အတွင်း မြေမြှုပ် ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ် စစ်ကြောင်းရွာထဲဝင်လာ၍ ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသည့် ကဒက်ငယ်ထိန်ရွာမှ အသက် ၃၀ အရွယ် ကိုမင်းအောင် (ခေါ်) ကိုကန်းကန်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာအကြားတွင် ပစ်သတ်ခဲ့ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် ကျန်းမာရေး မကောင်း၍ အိပ်ယာထဲ၌ နေထိုင်ရသည့် ကဒက်ငယ်ထိန်ရွာမှ အသက် ၇၃ နှစ်အရွယ် ဒေါ်ခင်မြင့် (ခေါ်) ဒေါ်မငယ် သည်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ ပစ်ခတ်သော ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း Democracy Movement Strike Comittee – Dawei အဖွဲ့က ပြောဆိုသည်။

အလားတူ နှလုံးရောဂါအခံရှိသည့် အောက်ရေဖြူရွာမှ အသက် ၅၀ အရွယ် ဒေါ်သက်သက်သည်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သံများကို ကြောက်ရွံ့ထိတ်လန့်ပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် နှလုံးဖောက်၍ သေဆုံးခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ တစ်ယောက် အမည်ပဲ သိရတယ်။ ကျန်တဲ့ တစ်ယောက်က မျက်နှာတွေတောင် မမှတ်မိလောက်တဲ့ထိဖြစ်နေတော့ ဘယ်သူ ဘယ်ဝါဆိုတာတောင် မသိရတော့ဘူး။ ညင်းမော်ရွာ သင်္ချိုင်း အနောက်ဘက်မှာ သတ်ပြီးတော့ မြုပ်ခဲ့တာ စစ်ခွေး စစ်ကြောင်း မပြန်ခံ တစ်ရက်လောက်က သတ်ဖြတ်ခဲ့တာ အောက်တိုဘာလ ၁၈ လောက်က သတ်ဖြတ်ခဲ့တာ အောက်ရေဖြူ ကျေးရွာက ကိုမင်းကိုကို တစ်ယောက် အမည်ပဲသိရတယ်။ သူက သာမန် အရပ်သားပဲ စစ်ခွေး စစ်ကြောင်းနဲ့ တိုးမိပြီးတော့ ဖမ်းခံရတာ စစ်ကြောင်းမပြန်ခင်မှာ သတ်ခဲ့တာပေါ့။ စစ်ခွေးတွေ ဖမ်းသွားတဲ့ ကျန်တဲ့သူတွေကတော့ အကုန်လုံး ပြန်လွှတ်တယ်လို့တော့ သိရတယ်။ အခုလက်ရှိတွေ့တာတော့ အလောင်း ၂ လောင်းပဲရှိသေးတယ်။ ကျန်တော်တို့ မသိခင်ပါ သွားတဲ့ သူတွေရှိလာမရှိတာတော့ မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး ပြည်သူပိုင် နေအိမ် ၁ လုံးကိုလည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article