ရန်ကုန်၊ မေ ၁၁
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားအဖွဲ့က ယနေ့ မေလ ၁၁ ရက်နံနက်တွင် ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာ ရာအိမ်မှူး ဒေါ်ကြည်ခိုင်ဝင်း သေဆုံးပြီး အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
၂ ထပ်အဆောက်အဦး အပေါ်ထပ်တွင် ဖွင့်လှစ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ပြောက်ကျားအဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရာအိမ်မှူး ဒေါ်ကြည်ခိုင်ဝင်းသည် နေရာတွင် သေဆုံးကာ အုပ်ချုပ်ရေးမှူး ဦးနေဝင်းသည် ဝမ်းဗိုက်နှင့်ပေါင်တို့တွင်လည်းကောင်း မီးသတ်တပ်ဖွဲ့ဝင် ဦးမြသန်းသည် ဘယ်ဘက် ပါးစောင်ဖောက်ဝင်၊ ဝဲလက်ဖျံကျည်ထိဒဏ်ရာများဖြင့်လည်းကောင်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။
ရာအိမ်မှူး ဒေါ်ကြည်ခိုင်ဝင်းသည် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသော လူငယ်များကို သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ သပိတ်စစ်ကြောင်း တည်နေရာများ ပြသခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဧည့်စာရင်းစစ်ကာ ငွေညှစ်ခြင်းများကို လုပ်ဆောင်သူဟု ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။
“ဟုတ်တယ်၊ သူကဒလန်အကြီးစားလေ။ သူ့ကြောင့် အဖမ်းခံလိုက်ရတဲ့ကလေးတွေ၊ အိမ်မှာမနေရတော့တဲ့ ကလေးတွေအများကြီးပဲ။ အခုလိုအပစ်ခံရတယ်လို့ကြားတော့ ဝမ်းသာပါတယ် ဟီးဟီး “ ဟု ရပ်ကွက်နေပြည်သူ ၁ ဦးက ပြောသည်။
ဓါတ်ပုံ – ရှင်းလင်းခံလိုက်ရသော ရာအိမ်မှူး ဒေါ်ကြည်ခိုင်ဝင်း