ရန်ကုန်၊ မေ ၁၁
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကင်ပွန်းချုံရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် Eastern Defense Force – EDF တပ်ဖွဲ့ကြား ယမန်နေ့ မေလ ၁၀ ရက် ညနေပိုင်းတွင် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ လက်နက် ၁ လက် ရရှိကြောင်း EDF က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်သား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရကြောင်း၊ MA အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၂၁၉ တောင့် သိမ်းဆည်းရမိကြောင်း EDF ထံမှ သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မိနစ် ၂၀ ခန့် ရမ်းသန်းပစ်ခတ်ရာ တောင်သုံးလုံးကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး သေဆုံးကာ ရဟန်း ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပြီးနောက် EDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်းထုတ်ပြန်ထားသည်။