ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်
ရန်ကုန်၊ အောက်တိုဘာ ၂၇
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာဘက်မှ တက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဥယျာဉ်ကြီး ကျေးရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ၆ Black Dragon GBK-PDF တပ်ဖွဲ့က စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ခြေဦးတည့်ရာ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးသီများဖြင့် ဆက်လက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ထပ်မံ သေဆုံးခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းနေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရုံးချောင်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦး ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီ တပ်သားများက ဥယျာဉ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး စိတ်ဝေဒနာ ခံစားနေရသူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ကံဦးရွာမှ ပြည်သူ ၁ ဦး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားတယ်။ ပြည်သူ ၁ ဦးက စစ်ခွေးတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီးသေတာ ဥယျာဉ်ကြီးရွာက စိတ်ဝေဒနာသည် အမျိုးသား ၁ ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသား ၂ ဦး အသတ်ခံရတယ်။ ရုံးချောင်းက လူငယ် တစ်ယောက်လည်း အသတ်ခံရတယ်။ ကံဦးက ၁ ယောက်ကတော့ စစ်ခွေးတွေ ထောင်သွားတဲ့ နင်းမိုင်း မိပြီးသေတာ ၂၅ ရက်နေ့က ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်နေချိန် ဥယျာဉ်ကြီးရွာထိပ်မှာ စစ်ခွေးတွေက ရုံးချောင်းရွာက ကောင်လေးကို ပစ်သတ်ကြတာ ကျန် ၄ ယောက်က ၂၆ ရက်နေ့က သတ်သွားတာ ရွာသူရွာသားတွေကိုလည်း ကျွန်တော်တို့ ကယ်ထုတ်ရတယ်။ ဥယျာဥ်ကြီးရွာက ဘုန်းကြီးတွေ ထွက်ပြေးတာကိုလည်း စစ်ခွေးတွေက လိုက်ပစ်သေးတယ်။ ခုနေ့လည်း ပြည်သူတွေ အသတ်ခံရတယ်ကြားတယ် အသေးစိတ် ဆက်လက် စုံစမ်းနေဆဲပဲ သူတို့အထိနာလို့ ပြည်သူကိုမဲနေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။
ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်မှုများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အထူး အသိပေးအပ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက သတိပေး ပြောဆိုသည်။