ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ပျူစောထီး ၁ ဦး လက်နက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ပျူစောထီး ၁ ဦးသည် သေနတ် ၁ လက်နှင့်ခဲယမ်းများ ယူဆောင် အလင်းဝင်လာကြောင်း SNAKE EYES – PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ သီးလုံးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ဖိအားပေးမှုကြောင့် ပျူစောထီးအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သူ တစ်ဦးက ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကာဘိုင်ကျည် ၁၆၀ တောင့် တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက် ခဲ့ကြောင်း သိရသည်။
“အလင်းဝင်လာတဲ့သူကို လုံခြုံရေးအရ လုံခြုံတဲ့နေရာမှာ ထားပေးပြီး ဒီဘက်မှာ လုပ်ကိုင်စားဖို့လည်း ကြိုးစားပေးနေပါတယ်။ ဆုငွေကတော့ ချီးမြှင့်မှာပါ။ လက်ရှိမှာတော့ ရန်ပုံငွေ အခက်ခဲကြောင့် ချက်ချင်း မလုပ်ပေးနိုင်သေးပေမယ့် ဒီတစ်ပတ်အတွင်း ပေးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု SNAKE EYES – PDFမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။